အခန်းဖော်က မေးလာတာကတစ်ကြောင်း၊ သူငယ်ချင်းတွေကို သိစေချင်တာက တစ်ကြောင်းရယ်ကြောင့် ဒီအကြောင်းအရာလေး ရေးဖြစ်ရတာပါ။
အဘိဓမ္မာတတ်ဖို့ လိုလား လို့မေးရင၊် တတ်တဲ့လူကတော့ လိုတာပေါ့လို့ဖြေမယ်။ မတတ်တဲ့လူက မလိုပါဘူး ငါတို့ ဘုရားစာအုပ်တွေဖတ်နေတာ နားလည်သားပဲ လို့ဖြေကြပါတယ်။
ပထမ အနေနဲ့ ပြောရရင် တစ်မဂ် တစ်ဖိုလ် ရဖို့ရာ ဆရာကောင်း၊ သမားကောင်းတွေနဲ့ အားထုတ်ရင် တရားထူးရနိုင်ပါတယ် အဘိဓမ္မာတတ်ဖို့ မလိုပါဘူး။ ဒါကတော့ ရုပ်ပဲ၊ ဒါကတော့ နာမ်ပဲ လောကမှာ ဒါပဲရှိတယ်။ အဲဒီ ရုပ်နာမ်တွေဟာ မမြဲဘူး(အနိစ္စ)၊ ဆင်းရဲတယ်(ဒုက္ခ)၊ ကိုယ်ဖြစ်ချင်သလို မဖြစ်လို့ အစိုးမရဘူး(အနတ္တ)။ ဒီလိုသိရင်ကို ဆရားသမားကောင်းနဲ့ တရားအားထုတ်ရင် တရားထူးတွေ ရနိုင်ပါတယ်တဲ့ မဟာစည် ဆရာတော်ဘုရားကြီးကလဲ မိန့်ဖူးပါတယ်။ မြတ်စွာဘုရား လက်ထက်ကလဲ စာမတတ်ပဲ တရားထူးရသွားတာတွေ အများကြီးပါပဲ။ ဒါကြောင့် အဘိဓမ္မာ မတတ်လဲ တရားထူးရနိုင်ပါတယ်။ ဒါကြောင့် အဘိဓမ္မာမတတ်ရင် တရားမထိုင်ကောင်းဘူးလို့ ပြောနေတာတွေက မဟုတ်ပါဘူး၊ ပြောလဲမပြောသင့်ပါဘူး။
တခြားတစ်ဖက်က ပြောရရင်၊ အကယ်၍ ကိုယ်က မြတ်စွာဘုရားရဲ့ တရားတော်တွေကို ကျကျနန ပြည့်ပြည့်၀၀ နားလည်ချင်ပါတယ် ဆိုရင်တော့ အဘိဓမ္မာမတတ်လို့ကို မဖြစ်တော့ပါဘူး။ သုတ္တန်တရားတွေ တောင်မှ အဘိဓမ္မာမတတ်ထားရင် ပြည့်ပြည့်၀၀ နားမလည်ပါဘူး။ သာဓက တစ်ခုလောက်တင်ပြ ပါ့မယ်။ ပွင့်တော်မူခဲ့ကြသောမြတ်စွာဘုရားရှင်တိုင်း အမြဲမိန့်မှာတော်မူခဲ့တဲ့ တရားတစ်ခုရှိပါတယ်။ “မကောင်းမှူဆိုတာတွေကို မလုပ်ကြပါနဲ့၊ ကောင်းမှူတို့ကိုပြည့်စုံအောင် ပြုလုပ်ကြပါ၊ စိတ်ကို ဖြူစင်အောင် ထားကြပါ” ဒါဟာသြ၀ါဒ ပါတိမောက် စကားတော်ပါ။ သိပ်အရေးကြီးလို့ မြတ်စွာဘုရားရှင်တိုင်းက အထူးတလည် မှာကြားတော်မူထားတာပါ။ ကျွန်တော်တို့ ဂေါတမ မြတ်စွာဘုရား တစ်ပါးထဲ မဟုတ်ပါဘူး။ ပွင့်တော်မူခဲ့သော မြတ်စွာဘုရားရှင်တိုင်းက ဟောကြားတော်မူခဲ့တာပါ။ ဒါဆိုဘယ်လောက် အရေးကြီးလို့လဲဆိုတာ အသင်စာဖတ်သူ ရိတ်စားမိလောက်ပါပြီ။ ဒီထဲမှာ ပထမစာကြောင်းလေးက ”မကောင်းမှူ ဆိုတာတွေကို မလုပ်ကြပါနဲ့” ဒီစကားထဲ မကောင်းမှူဆိုတာတွေက ဘာတွေလဲ သိဖို့လိုပါတယ်။ သုတ္တန်လောက်ဖတ်ထားတဲ့ လူက၊ မကောင်းမှူဆိုတာ လောဘ၊ ဒေါသ၊ မောဟ ပေါ့လို့ပြောမယ်။ မှန်ပါတယ်။ သို့သော် အသေးစိတ်တော့မဟုတ်သေးပါဘူး။ အကုသိုလ်စိတ်တွေက ၁၂ ခုရှိပါတယ်။ လောဘမှာတင်၊ အရပ်စကားနဲ့ပြောရင် လောဘစိတ်မျိုး ၈ ခုတောင်ရှိတယ်။ သူ့ အဆင့်နဲ့သူ အပြစ် အကြီး၊အသေး ကွာခြားသေးတယ်။ ဒါ့ကြောင့် ဒီစိတ်တွေကိုနားမလည်ရင် အပြစ်ဖြစ်လို့ ဘယ်အပြစ်ဖြစ်မှန်းမသိ၊ အပြစ်ကသေးလား ကြီးလားမသိ ဖြစ်ပါတယ်။ ပြောလိုရင်းက အဘိဓမ္မာမသိလို့ လောဘစိတ်တွေကို အကုန် ပြည့်ပြည့်စုံစုံ နားမလည်ပါဘူး။ ဒါ့ကြောင့် အဘိဓမ္မာသိဖို့ လိုအပ်ပါတယ်။ ကောင်းမှူတွေဆိုလဲ ဒီအတိုင်းပါပဲ ကုသိုလ်စိတ်ပေါင်း ဘယ်လောက်၊ အကျဉ်း ၂၁ ပါးရှိတယ်ဆိုတာတွေဟာ အဘိဓမ္မာသိမှနားလည်နိုင်တာပါ။ စိတ်ဖြူအောင်ထားဆိုတာကလည်း ဘယ်စိတ်တွေကတော့ဖြင့် စိတ်ရဲ့ အညစ်ကြေးတွေဆိုတာကိုသိဖို့ရာ အဘိဓမ္မာသိမှကိုဖြစ်မှာပါ။
ဒါ့ကြောင့် အဘိဓမ္မာကျမ်းတွေကိုထားဦး၊ သုတ္တန်တရားတော်တွေတောင်မှ အဘိဓမ္မာမသိရင် ပြည့်ပြည့်၀၀ နားမလည်နိုင်ဘူးဆိုတာ သိသာလောက်ပါပြီ။ ဒါ့အပြင်ဗုဒ္ဓရဲ့ တရားတော်တွေကို အခြားသူကပြောရင်ဖြင့် မှားလား၊ မှန်လား ဆိုတဲ့ ချင့်ချိန်နိုင်လောက်တဲ့အသိ ရှိမှသာ ကိုယ်ရဲ့ယုံကြည်မှူတွေက ပိုမိုခိုင်မာလာနိုင်မှာဖြစ်ပြီး၊ သူတပါး ပြောရုံ၊ သူတပါး ပါးစပ်ဖျားမှာတင် လမ်းမဆုံးပဲ ကိုယ်တိုင်ကိုယ်ကျ တရားတော်များကို မှားသည် မှန်သည် ချင့်ချိန်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှ အမာခံ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြမှာပါ။ ဒါ့ကြောင့် အဘိဓမ္မာတရား မသိလို့ကိုမဖြစ်ဘူးလို့တောင် ပြောနိုင်တာပါ။
အဘိဓမ္မာတရားတော်တွေက မတတ်နိုင်လောက်အောင်မခက်ပါဘူး၊ သင်ယူရင်၊ ကြိုးစားရင် သိလာ၊ တတ်လာမှာပါ။ အရမ်းခက်နေရင် တတ်မည့်သူတစ်ယောက်မှတောင် ရှိမှာမဟုတ်ပါဘူး။ စိတ်ရှည်ပြီး ဇွဲရှိဖို့သာ လိုပါတယ်။ ဒါ့ကြောင့် အဘိဓမ္မာတရားတော်တွေဟာ လေ့လာပြီး သိကိုသိထားသင့်ပါတယ်။ သိအောင်လည်းသင်ယူကြပါလို့ စေတနာရှေ့ထားပြီး တိုက်တွန်းလိုက်ပါတယ်။
(မင်္ဂလာညနေခင်း)
Thursday, January 27, 2011
Subscribe to:
Posts (Atom)