Tuesday, May 15, 2012

သြ၀ါဒပါတိမောက်


     သြ၀ါဒပါတိမောက်ဆိုတာ သာသနာတော်မှာ အလွန်မှ အရေးကြီးသော၊ အကျိုးလည်းများသော၊ တရားတော်များ၏ အကျဉ်းချုပ် ဖြစ်သော တရားဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်ုတို့ရဲ့ ဂေါတမ မြတ်စွာဘုရားသာမက ပွင့်တော်မူပြီးကြကုန်သော ဘုရားရှင်တိုင်း အရေးတကြီးမှာကြားခဲ့တဲ့ တရားတော်ပါ။ ဒီလောက်ဆို ဘယ်လောက် အရေးကြီးတယ်ဆိုတာ စာဖတ်သူ ရိပ်မိလောက်ပါပြီ။

 တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု ၍ ထိုနေ့ကို သြ၀ါဒ ပါတိမောက်အခါတော်နေ့ အဖြစ် ကျင်းပရခြင်း ဖြစ်ပါတယ်။
တပို့တွဲ လပြည့် ရဲ့ ထူးခြားချက် တွေက တော့---- 
• အရှင်သာရိပုတ္တရာ ရဟန္တာ ဖြစ်သောနေ့ ဖြစ်ခြင်း
• အရှင်သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလာန် ဧတဒဂ် ရသောနေ့ ဖြစ်ခြင်း
• အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ရဟန်း ပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့ ဖြစ်ခြင်း
• ဘုရားရှင်တိုင်း သြ၀ါဒ ပါတိမောက် ပြတော်မူသောနေ့ ဖြစ်ခြင်း
ဤ ထူးခြားချက် လေးမျိုးကို တွေ့ရှိရပါသည်။
     အပါယ်ဘေးမှ ကင်းဝေးစေသော အဆုံးအမကို သြ၀ါဒဟု ခေါ်ပါသည်။ ထိုသြ၀ါဒ မိန့်ကြားတော် မူခြင်းကို သြ၀ါဒ ပါတိမောက် ပြသည်ဟု ခေါ်ဆိုရပါသည်။  
     ပါတိမောက်သည် သြ၀ါဒ ပါတိမောက်နှင့် အာဏာ ပါတိမောက် ဟူ၍ နှစ်မျိုးရှိပါသည်။ သြ၀ါဒ ပါတိမောက်ကို မြတ်စွာ ဘုရားရှင် တို့သာ ပြတော်မူပါသည်။ တပည့်သံဃာများ ပြခွင့် မရှိပါ။ တပည့် သံဃာများသည် အာဏာပါတိမောက်ကိုသာ ပြခွင့် ရှိပါသည်။ 
     သက်တော်ရှည်သော မြတ်စွာဘုရားရှင်တို့သည် သြ၀ါဒ ပါတိမောက်ကို အသက်ထက်ဆုံး ပြတော်မူကြပါသည်။ သက်တမ်း တိုသော ဘုရားရှင်တို့သည် သြ၀ါဒ ပါတိမောက်ကို ၀ါတော် ၂၀ အတွင်း မှာသာ ပြတော်မူကြပါသည်။ လောဘ ဒေါသ စသော စရိုက်များ ထူပြောချိန်တွင် သြ၀ါဒ တည်မြဲရန် ခဲယဉ်းသောကြောင့် ၀ါတော် ၂၀ ကျော်လျှင် တပည့်သံဃာတို့အား အာဏာ ပါတိမောက်ကို ပြစေရပါသည်။
ဘုရားရှင်တို့သည် သြ၀ါဒ ပါတိမောက်ကို
• တပို့တွဲ လပြည့်နေ့ ကြုံကြိုက်ခြင်း
• ဧဟိဘိက္ခု ရဟန်းချည်းသာ ဖြစ်ခြင်း
• ဆဠာဘိည ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာချည့် ဖြစ်ခြင်း
• မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း
ဤအင်္ဂါ လေးရပ်နှင့် ပြည့်စုံမှ ပြုမြဲ ဖြစ်ပါသည်။

     ဂေါတမ မြတ်စွာဘုရားသည် မဟာ သက္ကရာဇ် ၁၀၃ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံ သော ကဿပညီနော် ရှင်တထောင်၊ အရှင်သာရိပုတ္တရာနှင့် အရှင် မဟာ မောဂ္ဂလာန်နှင့် တပည့် ၂၅၀ စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား ဂါထာ သုံးပုဒ်ဖြင့် သြ၀ါဒ ပါတိမောက် ကို ပြတော်မူပါသည်။ 
      သြ၀ါဒ ပါတိမောက် ဂါထာသည် သီလ၊ သမာဓိ၊ ပညာကို ဟောကြားထား၍ ပိဋကတ် သုံးပုံ အနှစ်ချုပ် တရားဟု ခေါ်ပါ သည်။ သြ၀ါဒ ပါတိမောက် ဂါထာအတိုင်း လိုက်နာ ကျင့်ကြံပါက ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးလိမ္မာပြီး အိုနာသေ လွတ်ရာ နိဗ္ဗာန်သို့ မလွဲမုချ ရောက်နိုင်ကြပါသည်။ 

 သြ၀ါဒပါတိမောက် ဂါထာကတော့


၁။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

၂။ သဗ္ဗပါပဿ အကရဏံ၊ ကုသလဿုပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

၃။ အနုပဝါဒေါ အနုပဃာတော၊ ပါတိမောက္ခေ စ သံဝရော။
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။

-------

၁။ လွန်စွာချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း။
     နိဗ္ဗာန်တရားကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့ ဟောတော်မူကုန်၏။
     သူတပါးကို သတ်သောသူသည် စိတ်အညစ်ကြေးကို နှင်ထုတ်သူမဟုတ်။
     သူတပါးကို ညှင်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်။

၂။ မကောင်းမှုဟူသမျှကို မပြုလုပ်ရာ၊ ကောင်းမှုဟူတမျှကို ပြည့်စုံစေရာ၏။
     မိမိစိတ်ကို သန့်ရှင်းဖြူစင်စေရာ၏၊ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

၃။ သူတပါးကို မစွပ်စွဲ မပြစ်မှားရာ၊ သူတပါးကို မညှင်းဆဲ မနှိပ်စက်ရာ။
     မြတ်သောသီလ၌ စောင့်စည်းလုံခြုံရာ၏၊ စားသောက်ဖွယ်၌ ပမာဏကိုသိရာ၏။
     အစွန်အဖျား ကျောင်းအိပ်ရာ၌ နေရာ၏၊ ထူးမြတ်သောစိတ်၌ လွန်စွာအားထုတ်ရာ၏။
     ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

 ------
(မှီငြမ်းစာများ- ဦးပညာသာမိ ၊ မင်္ဂလာညနေခင်း မှတ်စု)