Monday, August 27, 2012

ရွှေပြည်ထောင်မှ လူငယ်များသို့


     ဒီနေ့အလုပ်ကပြန်လာပြီး ထမင်းစားရင်း TV ဖွင့်လိုက်တော့ Singapore အမျိုးသားနေ့အတွက် ၀န်ကြီးချုပ် Lee Hsien Loong ကမိန့်ခွန်းပြောနေပါပြီ။ ဒါနဲ့ ဘာတွေများပြောမလဲလို့ လေ့လာတဲ့အနေနဲ့ ဆက်နားထောင်လိုက်တယ်။
     အကြမ်းအားဖြင့် သူ့နိုင်ငံမှာ လမ်းပန်းဆက်သွယ်ရေးတွေ ဘယ်လိုဖော်ဆောင်နေတယ်၊ ဘယ်လောက်ရင်နှီးမြှုပ်နှံထားတယ်၊ ရလက်တွေကတော့ ဘာတွေ၊ ဘယ်လောက်အချိန်ယူမယ် ဆိုတာကို နှစ်အလိုက်ရှင်းပြတယ်။ စိတ်ထဲ တွေးလိုက်တယ် တယ်စည်းစနစ် ကြတဲ့ ပုဂ္ဂိုလ်ပဲလို့။ သူက ဘလိုင်းကြီးမပြောဘူး၊ နှစ်အလိုက် လုပ်မှုနဲ့ ရလဒ်တွေကို အမြဲတွဲပြောတယ်၊ အရေအတွက်တွေနဲ့ ပြောတယ်။ ဒါကိုယ့်နိုင်ငံဖော်ဆောင်ရေးမှာ အတုယူစရာပဲလေ။
     နောက်စီးပွားရေးတွေ ဘယ်လို နှစ်စဉ်တိုးတက်လာပြီ ဆိုတာနဲ့၊ ဘယ်လို အလုပ်တွေကို ဖော်ဆောင်နေတယ်ဆိုတာတွေ။ Singapore ရဲ့ နှစ်တွေကို ပုံတွေနဲ့ တိုးတက်မှုတွေကိုဖော်ဆောင်ပြသွားတယ်။ အလုပ်အကိုင် တွေကိုလဲဘယ်လိုစီစဉ်တယ်ဆိုတာတွေကော အတော်စုံပါတယ်။နောက် အခွန်နဲ့၊ ရင်နှီးမြှုပ်နှံမှုတွေ အကြောင်းလည်းပြောသွားသေးတယ်။ ကျန်းမာရေးအတွက် ဆေးရုံနဲ့၊ ဆေးခန်းတွေ ဘယ်လို Arrange လုပ်ထားတယ်ဆိုတာတွေလဲ ပါပါတယ်။ နိုင်ငံသားတွေ မိသားစုတိုင်း အိမ်ပိုင်ဆိုင်နိုင်အောင်ဆိုတဲ့ အစီအစဉ်လေးကလဲ လေးစား အားကြစရာပါ။ ကျွန်းလေး လက်တောက်လောက်ကို မြေတွေဖို့ပြီး ဘာတွေဆောက်နေတယ်ဆိုတာကို Slide Show နဲ့ပြသွားတာကလဲ ရင်သပ်ရှုမောစရာပါပဲ။
      ထားပါတော့လေ ဒီမှာပြောခြင်တာလေးက သူ့နိုင်ငံရဲ့ ပညာရေးပဲ ခုသူ့နိုင်ငံမှာ NUS(National University of Singapore) တို့လို NTU (Nanyang Technological University) တွေလို့ ကမ္ဘာ့အဆင့်မှီ University တွေရှိနေတာတောင် ပညာရေးကို ဒါ့ထက်မြှင့်ဖို့ ထပ်ခါထပ်ခါပြောနေတယ်။ SMU, SIM စတဲ့နံမည်ကြီးကျောင်းတွေကလည်း ဒုနဲ့ဒေးပါပဲ။ Polytechnic တို့လိုကျောင်းတွေကလဲ အများကြီးရှိတယ်။ သူ့နိုင်ငံရဲ့ Technology ကို အရေအတွက်အားဖြင့် နှစ်စဉ် ပြည်တွင်း၊ ပြည်ပ Engineer ကျောင်းသားပေါင်း ဘယ်လောက်ထုတ်တယ်ဆိုတာကို တင်ပြသွားတယ်။ ဒါကတော့ မဆန်းပါဘူးလို့စိတ်ကတွေးတယ် တို့တိုင်းပြည်လည်းနှစ်စဉ် ထုတ်နိုင်တာပဲ။ အယ်..သူက ဒါတင်ရပ်မနေဘူး Quality ကိုစပြောလာတယ် ဥရောပက Professor တွေရှိတဲ့ အကြောင်းတွေလဲပါတယ်၊ ဒါတွေ ကိုယ့်နိုင်ငံအတွက် အလေးထားစရာတွေပါ၊ နိုင်ငံက Engineering Student တွေ နှစ်စဉ် နိုင်ငံခြား Robot ပြိုင်ပွဲတွေမှာ  Metal တွေဘယ်လောက်တိုးလာတယ်ဆိုတာနဲ့ နိုင်ငံတကာ Math ပြိုင်ပွဲတွေမှာ ဆုတွေရခဲ့တယ်ဆိုတာတွေကို အရည်၊ အသွေးတွေ ဘယ်လောက်ကောင်းလာ တယ်ဆိုပြသွားတယ်။ နောက်ထပ် ပညာရေးကို လူကြီးရော၊ လူငယ်ရော ဘယ်လို့မြှင့်တင်သွားအုံးမယ်ဆိုတာ တွေကိုလဲပြောတယ်၊ အိမ်ထောင်သည်တွေတောင် Master ကျောင်းတွေဆက်တက်ဖို့ တိုက်တွန်းသွားသေးတယ်။ လူငယ်တွေကိုတော့ ပြောမနေနဲ့ Scholarship တွေလဲအများကြီးပေးထားကြောင်းပြောတယ်။ နားထောင်ရင်း ဒီပုဂ္ဂိုလ်ကို တော်တော်လေးစားသွားတယ်။ သူတကယ်သိတယ် နိုင်ငံတိုးတက်ဖို့ ဘာအဓိကဆိုတာ။ Technology, Technology တဲ့ပါးစပ်ကကိုမချဘူး ပြောသွားတာ။ လုပ်ပုံသိပ်ကောင်းတယ်၊ ဒါကြောင့်လည်း ပညာတတ်တွေ ထွက်လာတာ မဆန်းပါဘူး။
     သူ့ပြောတာနားထောင်ရင်း စဉ်းစားမိတယ် ဒို့နိုင်ငံကြဘယ်လိုလုပ်မလဲလို့။ ခုမှစပြီး တိုးတက်ရေးလမ်းပေါ်ဆွဲခေါ်နေရတာ၊ အဲဒီတော့ လူငယ်တွေက ဘာလုပ်ရမလဲ၊ နည်းနည်းတော့ပင်ပန်းမယ်။ ကိုယ့်ဟာကိုယ် ထိုးဖောက်ထွက်ရမှာပဲ၊ အထောက်အပံ့ စောင့်နေလို့မဖြစ်ဘူး။ ဆရာမကောင်းလို့၊ ပစ္စည်းကိရိယာမစုံလို့ ဆိုပြီးထိုင်နေရင် ထိုင်ပေါ့။ ပေးတာယူ၊ ကြွေးတာစား လုပ်မနေနဲ့။ အဲဒီကျွန်စိတ်ကြီး ရှိနေသရွေ့ လူမွှေးတောင်ပြောင်မှာမဟုတ်ဘူး။ (နဲနဲရင့်သီးတာ ခွင့်လွှတ်ပါ)။
     လူငယ်ဆိုတာက အားမာန်တွေရှိတယ်၊ အိမ်မက်တွေရှိတယ်၊ ကမ္ဘာကြီးကို ကိုင်လှုပ်ချင်တယ် ဒါလူငယ်တွေစိတ်ပဲ လူကြီးမှာဒါတွေမရှိဘူး။ ဒါကြောင့် လူငယ်တွေ အိမ်မက်တွေ မက်ပါ။ ကံပေးသလောက်ပဲ ဆိုတာတွေ လုပ်မနေနဲ့။ ဟိုရောင်ရောင် ဒီရောင်ရောင် လုပ်မနေနဲ့။သေးသိမ်တဲ့စိတ်တွေ ဖြောက်ဖျက်ပြစ်ပါ။ အပင် အချို့က မြေကြီးကိုခွဲပြီးထွက်ကြရတယ်၊ အဲဒီလိုပဲ လူငယ်လေးတွေ မင်းတို့တွေ မြေကြီးကို ကိုယ်တိုင်ခွဲထွက်ပြီး ကောင်းကင်ရဲ့ အမြင့်ဆုံးနေရာကို ပျံသန်းကြပါတော့။ ( ကဗျာလေးပြင်ရေးမယ်.... ကျောင်းသားတံခွန် လူရည်ချွန်၊ ကောင်းကင်တမွတ် ကြယ်ကိုစွတ်လော့)

(မင်္ဂလာညနေခင်း)

Saturday, August 4, 2012

သာယာပြည်


     ညီလာခံကိစ္စတစ်ခု ပြီးသွားလေပြီ။ ၄င်းနောက် သာယာပြည့်ရှင်လည်း မိမိ၏ ကိုယ်ရေးကိုယ်တာကိစ္စကို စချင်၏။ သို့ရာတွင် မိမိ၏ လောဘကို မူးမတ်များ ရိပ်မိသွားမည် စိုးသောကြောင့် တိုင်းရေးပြည်မှုကိစ္စကို စိတ်ထဲမပါသော်လည်း ပါလေဟန်နှင့် မေးမြန်းလေသည်။
     ဆိုင်ရာအသီးသီးတို့၏ အစီရင်ခံစာများကို စစ်ဆေးပြီးသဖြင့် သာယာပြည်သည် ယခုထက်တိုင် စည်ပင်ဝပြောလျက်ရှိနေသေးကြောင်းကို မူးမတ်များက လျှောက်တင်လေသည်။
     လျှောက်တင်ချက် လိုရင်းမှာ သာယာပြည်တွင် ဆင်းရဲသားများသည် ဆင်းရဲသားဘ၀ လုပ်ကိုင် စားသောက်နေကြသဖြင့် များစွာဝမ်းမြောက် အားတက်ဖွယ်ရာဖြစ်ကြောင်း၊ ၄င်းတို့ ဆင်းရဲပင်ပန်းကြသည်မှာ ကံ ကံ၏ အကျိုးသာဖြစ်ကြောင်း၊ ကံတရားကို မည်သူမျှ မလွန်ဆန်နိုင်ကြောင်း၊ ကံပစ်ချသောနေရာတွင် မကြံမစည် နာရွက်မခတ်ဘဲ နေအပ်ကြောင်း၊ ကံတရားကိုက ဆင်းရဲစေဟု အမိန့်ပေးထားသဖြင့် တိုင်းပြည်ရှင်က လက်ပိုက်၍ ကြည့်နေအပ်သည် ဖြစ်ကြောင်း၊ ကံတရားကြောင့်ဆင်းရဲကြသဖြင့် ၄င်းတို့၌ မချမ်းသာခြင်း၊ ပညာ မပြည့်စုံခြင်း၊ ဆင်းရဲသားဘ၀မှ မလှူနိုင်ခြင်းများသည် အံ့သြဖွယ်ရာ မဟုတ်ကြောင်း၊ ထို့ကြောင့် သာယာပြည်ရှိ ဆင်းရဲသားများသည် ဆင်းရဲသားပီပီ ဆင်းဆင်းရဲရဲနှင့်ပင် လုပ်ကိုင် စားသောက်နေကြသည်မှာ ၀မ်းမြောက်ဖွယ်ရာ ဖြစ်ကြောင်း၊ ရွှေဘုန်းတော်ကြောင့် အထူးဝမ်းသာအားရဖွယ်သာ ဖြစ်ပါကြောင်း၊ ၎င်းတို့ဆင်းရဲစွာ နေထိုင်ခြင်းကို ပြည့်ရှင်က အနှောင့်အယှက်မပြုသင့်ကြောင်း။
     သာသနာတော်ရေးနှင့် စပ်လျဉ်း၍ သာယာပြည်တွင် စေတီပုထိုးများစွာ ပေါများသည်ကို ထောက်ထားသဖြင့် ပြည်တွင်း၌ မည်မျှပင် အခိုးအတိုက်၊ အလုအယက်၊ အလိမ်အကောက် ပေါများနေသော်လည်း သာသနာတော်သည် ယခုထက်တိုင် ထွန်းကားလျက်ပင်ရှိနေကြောင်း၊ ရွှေဘုန်းတော်ကြောင့် သာယာပြည်၏ မြေမျက်နှာပြင်သည် ၀ါဝင်းသော စေတီပုထိုးတို့ဖြင့် လှပတင့်တယ် ရှုချင်စဖွယ် ရှိနေကြောင်း၊ အကုသိုလ်မှုပေါများနေခြင်းမှာ အ၀ီစိငရဲသို့ သွားရောက်ချင်ကြသောသူများ ပေါများနေသောကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့၏ အ၀ီစိငရဲသို့ သွားရောင်ချင်သော အလိုဆန္ဒကို ပြည့်ရှင့်က အနှောက်အယှက် မပြုသင့်ကြောင်း။
     ရောင်းရေးဝယ်တာကိစ္စနှင့် စပ်လျဉ်း၍ သာယာပြည်သားတို့သည် အာဒိစ္စနေမျိုးမှ ဆင်းသက်လာသော မင်းတို့ အုပ်စိုးရာဖြစ်သော သာယာပြည်သားပီသစွာ မိမိတို့၏ တိုင်းပြည်၌ လိုအပ်သောပစ္စည်း အရပ်ရပ်များကိုပင် ကိုယ်တိုင်မလုပ်ကိုင်ဘဲ အနီးအနားရှိ အလုပ်သမား ကျေးတော်မျိုး ကျွန်တော်မျိုး တိုင်းပြည်များမှ အာဏာသံ၊ မာနသံတို့ဖြင့် ငွေကြေးပေး၍ ၀ယ်ယူဆောင်လျက် နေသေးသဖြင့် များစွာ အားတက်ဂုဏ်ယူဖွယ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သာယာပြည်သားတို့မှာ ၀င်ငွေမရှိ၍ ထွက်ငွေသာရှိသော်လည်း ရွှေဘုန်းတော်ကြောင့် သခင်မျိုးပီသလျက် ရှိပါကြောင်း၊ ပြည့်ရှင်မင်းက နေမျိုးအာဒိစ္စဂုဏ်ကို ချီးမြှောက်လျက်နေသော သာယာပြည်သားတို့အား အနှောင့်အယှက် မပေးသင့်ပါကြောင်း၊ အမျိုး၏ ဂုဏ်ကိုဤမျှစောင့်ရှောက်သဖြင့် ၎င်းတို့အား ချီးမွမ်းသင့်ပါကြောင်း။
     ပညာရေး အခြေအနေနှင့် စပ်လျဉ်း၍ ယခုအခါ သာယာပြည်တွင် လေ့လာလျက်နေကြသော ပညာအရပ်ရပ်များမှာ ရှေးရှေးပညာရှိများက စုံစမ်းရှာဖွေ၍ ထားပစ်ခဲ့သော ပညာအတိုင်းသာ ဖြစ်နေသောကြောင့် ရှေးနည်းအတိုင်းပင်ဟု ခေါ်ဆိုရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၀မ်းမြောက် ၀မ်းသာစရာတစ်ရပ် ဖြစ်ပါကြောင်း။ ရက်ကို လ စား၊ လ ကို နှစ်စား လာသဖြင့် နိုင်ငံတော်၏ အခြေ ပြောင်းလဲလာပါသော်လည်း ယခုခေတ် သာယာပြည်သားတို့၏ ထင်မြင်ပုံသည် ရှေးခေတ် သာယာပြည်သားတို့၏ ထင်မြင်ပုံနှင့် အတူတူပင် ဖြစ်ပါကြောင်း။ ထို့ကြောင့် သာယာပြည်သားတို့မှာ အံ့သြဖွယ်ရာ ကောင်းပါကြောင်း။ သာယာပြည်သားတို့သည် မိမိတို့အမျိုး၏ စာပေ၌ အလွန်တရာ စိတ်အားထက်သန်စွာ လေ့လာကြသဖြင့် လက်တွေ့ မျက်တွေ့ လောကသဘာဝကို စုံစမ်း၍ သိအပ်သော ပညာရပ်များ၊ သူတစ်ပါးနိုင်ငံမှ အဆင်သင့် ရောက်ရှိလာသော ပညာရပ်များ၌ ၀ါသနာမပါ မလိုက်စားဘဲ နေကြပါကြောင်း၊ ရွှေဘုန်းတော်ကြောင့် သာယာပြည်သားတို့သည် ဤမျှပင် ကိုယ့်အမျိုးသားစာပေများ၌ ဂုဏ်ယူကြပါကြောင်း။ ဂုဏ်ယူကြရုံမျှမက လောက သဘာဝကိုမှီ၍ ဟောပြောရေးသားသူများ၊ နိုင်ငံခြား ပညာရပ်များကို ဆောင်ယူလာသူများကိုပင် သေးနုပ်သိမ်ဖျင်း မြင်ပြင်းကပ်စရာ ကောင်းသည်ဟု ပြောဆိုလေ့ရှိကြပါကြောင်း။ ရွှေဘုန်းတော်ကြောင့် သာယာပြည်သားတို့သည် ဤမျှပင် ကိုယ့်အမျိုး၏ စာပေကို စောင့်ရှောက်ကြပါကြောင်း။

(သိန်းဟန်)