Saturday, August 4, 2012

သာယာပြည်


     ညီလာခံကိစ္စတစ်ခု ပြီးသွားလေပြီ။ ၄င်းနောက် သာယာပြည့်ရှင်လည်း မိမိ၏ ကိုယ်ရေးကိုယ်တာကိစ္စကို စချင်၏။ သို့ရာတွင် မိမိ၏ လောဘကို မူးမတ်များ ရိပ်မိသွားမည် စိုးသောကြောင့် တိုင်းရေးပြည်မှုကိစ္စကို စိတ်ထဲမပါသော်လည်း ပါလေဟန်နှင့် မေးမြန်းလေသည်။
     ဆိုင်ရာအသီးသီးတို့၏ အစီရင်ခံစာများကို စစ်ဆေးပြီးသဖြင့် သာယာပြည်သည် ယခုထက်တိုင် စည်ပင်ဝပြောလျက်ရှိနေသေးကြောင်းကို မူးမတ်များက လျှောက်တင်လေသည်။
     လျှောက်တင်ချက် လိုရင်းမှာ သာယာပြည်တွင် ဆင်းရဲသားများသည် ဆင်းရဲသားဘ၀ လုပ်ကိုင် စားသောက်နေကြသဖြင့် များစွာဝမ်းမြောက် အားတက်ဖွယ်ရာဖြစ်ကြောင်း၊ ၄င်းတို့ ဆင်းရဲပင်ပန်းကြသည်မှာ ကံ ကံ၏ အကျိုးသာဖြစ်ကြောင်း၊ ကံတရားကို မည်သူမျှ မလွန်ဆန်နိုင်ကြောင်း၊ ကံပစ်ချသောနေရာတွင် မကြံမစည် နာရွက်မခတ်ဘဲ နေအပ်ကြောင်း၊ ကံတရားကိုက ဆင်းရဲစေဟု အမိန့်ပေးထားသဖြင့် တိုင်းပြည်ရှင်က လက်ပိုက်၍ ကြည့်နေအပ်သည် ဖြစ်ကြောင်း၊ ကံတရားကြောင့်ဆင်းရဲကြသဖြင့် ၄င်းတို့၌ မချမ်းသာခြင်း၊ ပညာ မပြည့်စုံခြင်း၊ ဆင်းရဲသားဘ၀မှ မလှူနိုင်ခြင်းများသည် အံ့သြဖွယ်ရာ မဟုတ်ကြောင်း၊ ထို့ကြောင့် သာယာပြည်ရှိ ဆင်းရဲသားများသည် ဆင်းရဲသားပီပီ ဆင်းဆင်းရဲရဲနှင့်ပင် လုပ်ကိုင် စားသောက်နေကြသည်မှာ ၀မ်းမြောက်ဖွယ်ရာ ဖြစ်ကြောင်း၊ ရွှေဘုန်းတော်ကြောင့် အထူးဝမ်းသာအားရဖွယ်သာ ဖြစ်ပါကြောင်း၊ ၎င်းတို့ဆင်းရဲစွာ နေထိုင်ခြင်းကို ပြည့်ရှင်က အနှောင့်အယှက်မပြုသင့်ကြောင်း။
     သာသနာတော်ရေးနှင့် စပ်လျဉ်း၍ သာယာပြည်တွင် စေတီပုထိုးများစွာ ပေါများသည်ကို ထောက်ထားသဖြင့် ပြည်တွင်း၌ မည်မျှပင် အခိုးအတိုက်၊ အလုအယက်၊ အလိမ်အကောက် ပေါများနေသော်လည်း သာသနာတော်သည် ယခုထက်တိုင် ထွန်းကားလျက်ပင်ရှိနေကြောင်း၊ ရွှေဘုန်းတော်ကြောင့် သာယာပြည်၏ မြေမျက်နှာပြင်သည် ၀ါဝင်းသော စေတီပုထိုးတို့ဖြင့် လှပတင့်တယ် ရှုချင်စဖွယ် ရှိနေကြောင်း၊ အကုသိုလ်မှုပေါများနေခြင်းမှာ အ၀ီစိငရဲသို့ သွားရောက်ချင်ကြသောသူများ ပေါများနေသောကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့၏ အ၀ီစိငရဲသို့ သွားရောင်ချင်သော အလိုဆန္ဒကို ပြည့်ရှင့်က အနှောက်အယှက် မပြုသင့်ကြောင်း။
     ရောင်းရေးဝယ်တာကိစ္စနှင့် စပ်လျဉ်း၍ သာယာပြည်သားတို့သည် အာဒိစ္စနေမျိုးမှ ဆင်းသက်လာသော မင်းတို့ အုပ်စိုးရာဖြစ်သော သာယာပြည်သားပီသစွာ မိမိတို့၏ တိုင်းပြည်၌ လိုအပ်သောပစ္စည်း အရပ်ရပ်များကိုပင် ကိုယ်တိုင်မလုပ်ကိုင်ဘဲ အနီးအနားရှိ အလုပ်သမား ကျေးတော်မျိုး ကျွန်တော်မျိုး တိုင်းပြည်များမှ အာဏာသံ၊ မာနသံတို့ဖြင့် ငွေကြေးပေး၍ ၀ယ်ယူဆောင်လျက် နေသေးသဖြင့် များစွာ အားတက်ဂုဏ်ယူဖွယ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သာယာပြည်သားတို့မှာ ၀င်ငွေမရှိ၍ ထွက်ငွေသာရှိသော်လည်း ရွှေဘုန်းတော်ကြောင့် သခင်မျိုးပီသလျက် ရှိပါကြောင်း၊ ပြည့်ရှင်မင်းက နေမျိုးအာဒိစ္စဂုဏ်ကို ချီးမြှောက်လျက်နေသော သာယာပြည်သားတို့အား အနှောင့်အယှက် မပေးသင့်ပါကြောင်း၊ အမျိုး၏ ဂုဏ်ကိုဤမျှစောင့်ရှောက်သဖြင့် ၎င်းတို့အား ချီးမွမ်းသင့်ပါကြောင်း။
     ပညာရေး အခြေအနေနှင့် စပ်လျဉ်း၍ ယခုအခါ သာယာပြည်တွင် လေ့လာလျက်နေကြသော ပညာအရပ်ရပ်များမှာ ရှေးရှေးပညာရှိများက စုံစမ်းရှာဖွေ၍ ထားပစ်ခဲ့သော ပညာအတိုင်းသာ ဖြစ်နေသောကြောင့် ရှေးနည်းအတိုင်းပင်ဟု ခေါ်ဆိုရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၀မ်းမြောက် ၀မ်းသာစရာတစ်ရပ် ဖြစ်ပါကြောင်း။ ရက်ကို လ စား၊ လ ကို နှစ်စား လာသဖြင့် နိုင်ငံတော်၏ အခြေ ပြောင်းလဲလာပါသော်လည်း ယခုခေတ် သာယာပြည်သားတို့၏ ထင်မြင်ပုံသည် ရှေးခေတ် သာယာပြည်သားတို့၏ ထင်မြင်ပုံနှင့် အတူတူပင် ဖြစ်ပါကြောင်း။ ထို့ကြောင့် သာယာပြည်သားတို့မှာ အံ့သြဖွယ်ရာ ကောင်းပါကြောင်း။ သာယာပြည်သားတို့သည် မိမိတို့အမျိုး၏ စာပေ၌ အလွန်တရာ စိတ်အားထက်သန်စွာ လေ့လာကြသဖြင့် လက်တွေ့ မျက်တွေ့ လောကသဘာဝကို စုံစမ်း၍ သိအပ်သော ပညာရပ်များ၊ သူတစ်ပါးနိုင်ငံမှ အဆင်သင့် ရောက်ရှိလာသော ပညာရပ်များ၌ ၀ါသနာမပါ မလိုက်စားဘဲ နေကြပါကြောင်း၊ ရွှေဘုန်းတော်ကြောင့် သာယာပြည်သားတို့သည် ဤမျှပင် ကိုယ့်အမျိုးသားစာပေများ၌ ဂုဏ်ယူကြပါကြောင်း။ ဂုဏ်ယူကြရုံမျှမက လောက သဘာဝကိုမှီ၍ ဟောပြောရေးသားသူများ၊ နိုင်ငံခြား ပညာရပ်များကို ဆောင်ယူလာသူများကိုပင် သေးနုပ်သိမ်ဖျင်း မြင်ပြင်းကပ်စရာ ကောင်းသည်ဟု ပြောဆိုလေ့ရှိကြပါကြောင်း။ ရွှေဘုန်းတော်ကြောင့် သာယာပြည်သားတို့သည် ဤမျှပင် ကိုယ့်အမျိုး၏ စာပေကို စောင့်ရှောက်ကြပါကြောင်း။

(သိန်းဟန်)

No comments:

Post a Comment