Monday, November 22, 2010
သင် နှင့် ကယ်ဆယ်ရေး
     ကျွန်ုပ် မနေ့က အခန်းရှေ့ထွက်အလာ Channel News Asia ကမြန်မာပြည်ရဲ့ နာဂစ် မုန်တိုင်းအပြီး မိဘမဲ့ကလေးများ ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းလေးတစ်ပုဒ် လာနေတာတွေ့လို့ ကြည့်ဖြစ်ပါတယ်။ မေ့မေ့ပျောက်ပျောက်နီးပါးရှိနေပြီဖြစ်တဲ့ အနာဟောင်းကို တုတ်နဲ့ထိုးလိုက်သလို ခံစားလိုက်ရတယ်။ ဒီမုန်တိုင်းဖြစ်တာ ၂ နှစ်လောက်ရှိသွားပါပြီ။ မုန်တိုင်းဖြစ်ပြီး လို့ကယ်ဆယ်ရေးတွေ လုပ်နေချိန်မှာ ကျွန်ုပ်လည်း မဂ္ဂဇင်းတိုက်က စာပေသမားတွေနဲ့ ကွန်းခြံကုန်း ဒေးဒရဲ စတဲ့ ဒေသဘက်တွေကို ကယ်ဆယ်ရေးလုပ်ခဲ့ပါသေးတယ်။ ကျော်သူတို့အဖွဲ့တွေလည်းတွေ့ခဲ့ပါတယ်၊ သီသဂူဆရာတော်ဘုရားကြီးရဲ့ အဖွဲ့တွေလည်း တွေ့ခဲ့ပါတယ်။ သတင်းထဲမှာ နာဂစ်က မိဘတွေ သေဆုံးပြီး ကျန်နေခဲ့တဲ့ ကလေးတွေ အကြောင်းကိုပြောပြနေတာပါ။မိဘမဲ့ ကလေး အချို့ကို ခရစ်ယာန် ကျောင်းတစ်ကျောင်းက တတ်နိုင်သလောက်ကယ်ထားတာလေး တွေလဲပြသွားပါတယ်။ ကျွန်ုပ် ခရစ်ယာန်တွေကို မချီးကျူးပဲ မနေနိုင်ခဲ့ပါဘူး။
     ကလေးလေးတွေကို မေးခွန်းလေးတွေ သွားမေးထာတာလေးတွေ မှတ်မိသလောက် တင်ပြချင်ပါတယ်.........
မေး       ။   ။ ကလေးမိဘတွေမရှိတော့ ဘယ်လိုခံစားရလဲ။
ကလေး ။   ။ အမေရှိတုန်းက ထမင်းခွံ့ကျွေးတယ် ခုထမင်းခွံ့ကျွေးမဲ့သူမရှိတော့ဘူး...( ၅ နှစ်အရွယ်လောက် ကလေးလေးက ငိုမဲ့မဲ့နဲ့ ပြောသွားတာပါ။ သူစကားသိပ်မပြောတတ်ပါဘူး ဒါပေမယ့် သူ့ရင်ထဲကစကားကို သူ့ခံစားချက်ကလေးနဲ့ ပြောသွားတာပါ။ ရင်ထဲ မကောင်းလှပါဘူး။)
     နောက်ပြီးတော့ မောင်နှမ သုံးယောက်ပဲကျန်ခဲ့တဲ့ မိသားစုလေးကို သွားမေးပါသေးတယ်။
မေး       ။   ။ ကလေးတို့ ကြီးလာရင်ဘာလုပ်ကြမလဲ။ (အကြီးဆုံး ကလေးကိုမေးလိုက်တာပါ။ သူက အသက် ၈ နှစ် ၉ နှစ်လောက်ပဲရှိပါသေးတယ်။ သူ ရေထမ်းပြီးတော့ သူညီလေးနဲ့ ညီမလေးကို ရှာကျွေးနေသူပါ။ ဒီလောက် အသက်ငယ်ငယ်နဲ့ ဒီလိုရှာကျွေးနေတာ ကျွန်ုပ် အံ့သြမိတာ အမှန်ပါ။ ဘ၀ကပေးတဲ့ တာဝန်ကို အသက်ငယ်ငယ်နဲ့ သူ မနိုင်မနင်း ထမ်းနေရှာရပြီ။ သူ့မှာ ညီမငယ် ၅နှစ်လောက်နဲ့ ညီငယ် ၃ နှစ်သားလေး ရှိပါတယ်။)
ကလေး ။   ။ ကျွန်တော်ကြီးလာရင် ငါးဖမ်းမယ် ဂဏန်းထောင်စားပြီ ညီလေး ညီမလေးတွေကို ကျွေးမယ်တဲ့။ (သြော်အရွယ်နဲ့ မမျှတဲ့ခံယူချက်ပါ။ သူ့မှာ ယခုကျွန်ုပ်တို့တွေ ရည်မှန်းချက်မျိုး ကြားတောင် ကြားဘူးမယ်မထင်ဘူး။ သူ့မှာရည်ရွယ်ချက်ကြီးကြီးမားမား မရှိဘူးလို့ အင်မတန်ငယ်တဲ့ ကလေးလေးကို အပြစ်မတင်ရက်ပါဘူး သူ့မှာ ယခုပြင်းပြင်းထန်ထန် ခံစာနေရတာက ဆာလောင်ခြင်း ငတ်မွတ်ခြင်းတွေပါ။ ဒါကိုသူ နေ့စဉ်အရွယ်နဲ့ မမျှအောင် ကျော်လွှားနေရပါတယ်။ သူ့ညီမလေးကလဲ ဖြေပါတယ် ငါးဖမ်းစားမယ်တဲ့။ သြော်ကျွန်ုပ်ရင်တွေ တုန်လှူပ်ခဲ့ရပါပြီ။ သတင်းထဲမှာ ကလေးငယ်လေးက ရေတွေ ခဏခဏ သောက်နေတာတွေ့တော့ ကျွန်ုပ်ထင်တယ် သူဗိုက်ဆာနေလို့ဖြစ်မယ်လို့ ဒီအချိန်ကျွန်ုပ်လဲ ရေဘူးလေးကိုင်ပြီး ရေသောက်နေချိန်ပါ။ ကျွန်ုပ်ရေသောက်တာ မျိုမကျတော့ပါဘူးဗျာ။)
     ညီအငယ်ဆုံးလေးကိုမေးတယ် သူစကားသိပ်မပြောတတ်ပါဘူး။
မေး       ။   ။ ကိုကြီးကိုချစ်လား။
ကလေး ။   ။ ချစ်တယ်..
မေး       ။   ။ဘာလို့ချစ်လဲ။
ကလေး ။   ။ ချစ်တယ်။  (သူမဖြေတတ်ပါဘူး၊ ချစ်တာတစ်ခုပဲသိတယ်။ သူ့အကိုပြန်လာရင် ထန်းလျက်ခဲ ဖြစ်ဖြစ် မုန့်တစ်ခုခုဖြစ်ဖြစ် ၀ယ်လာတတ်တယ်လေ ဒါကပဲသူတို့ရဲ့ နေ့လည်စာဖြစ်သွားတာလဲ ရက်တွေမနဲတော့ဘူးတဲ့။)
     နောက်ကောင်မလေးတစ်ယောက်ကို မေးပါတယ်။ သူက အသက်၁၀ နှစ်လောက်တော့ရှိမယ်ထင်တယ်။
မေး       ။   ။ ကလေးဘယ်လိုနေထိုင်စားသောက်နေပါလဲ။
ကလေး ။   ။ သမီးတနေကုန် ပုဇွန်တို့ ငါးတို့ ဂဏန်းတို့ကို ချောင်းထဲ လိုက်နှိုက်တယ်။ ရတဲ့ထဲက တစ်ဝက်ကို ချက်စားတယ်၊ တစ်ဝက်ကို ရောင်းတယ် ရတဲ့ငွေနဲ့ ဆန်၊ဆီ၊ဆား၊ ကြက်သွန်ဝယ်တယ်။ (သူဘ၀ကလဲ မသက်သာလှပါဘူး။ သတင်းထဲမှာပြတယ် ချောင်ထဲရေစိုစိုထဲမှာ တစ်နေကုန်လိုက်နှူက်ရတာပါ။ စာပေသင်ကြားနေရမယ့် အချိန်မှာ သူ့ဝမ်းစာအတွက် အရွယ်နဲ့မလိုက်အောင် ရုန်းကန်နေရပါတယ်။ ကျွန်ုပ်တွေးကြည့်တယ် တစ်နေကုန် ရေထဲနေလို့ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲလို့။ ကျွန်ုပ်ဆက်ပြီး မတွေးတတ်တော့ပါဘူး တွေးလဲမတွေးရဲတော့ပါဘူး။)
     နောက်အသက် ၉ နှစ်လောက်ရှိမဲ့ ကလေးမလေးတစ်ယောက်ကို မေးပြန်ပါတယ်။
မေး       ။   ။ သမီးဘာအလုပ်လုပ်စားလဲ။
ကလေး ။   ။ ဆားကွင်းမှာ လုပ်တယ်တဲ့။
မေး       ။   ။ ဘာအဖြစ်ချင်ဆုံးလဲ။ ဘာလို့လဲ။
ကလေး ။   ။ ချမ်းသာချင်တယ်။ ဘာလို့လဲဆိုတော့ တနေကုန် ဆားကွင်းထဲမှာ အလုပ်လုပ်ရတာ အရမ်းပင်ပန်းတယ်။ နေကလဲပူတယ် အောက်ကလဲပူတယ် မီးခဲတွေ နင်းရတဲ့ အတိုင်းပဲ။ဒါကြောင့် ပိုက်ဆံရှိချင်တယ်။ ( သင့်ကို ဘာကြောင့်ချမ်းသာချင်လဲမေးရင် သင်စိတ်ထဲ တိုက်ကြီးတွေ၊ ကားကြီးတွေ၊ အ၀တ်အစား လှလှတွေ၊ အစားကောင်း အသောက်ကောင်းတွေ စိတ်ထဲပေါ်လာမှာ မလွဲပါဘူး။ ကလေးလေးက ဒါတွေမသိပါဘူး ၉ နှစ်လောက်ပဲ ရှိသေးတာကိုး၊ သူ့မှာ အရွယ်နဲ့မမျှတဲ့ ဒုက္ခထဲက ခဏဖြစ်ဖြစ် လွတ်ချင်တဲ့ သဘောလောက်ပဲရှိတာပါ။ )
     ယခုဒီကလေးလေးတွေထဲက အချို့ဟာ မိဘမဲ့ဂေဟာတွေ၊ စောင့်ရှောက်ရေး လူမှူအဖွဲ့ အစည်းအချို့ကို ရောက်နေကြပါပြီ။ ခရစ်ယာန် အဖွဲ့လေးတွေ တွေ့ရပါတယ်။ သူတို့ရဲ့လူမှူရေး ဆောင်ရွက်ချက်လေးတွေဟာ ချစ်စရာကောင်းလှပါတယ်။
     ဒါပေမဲ့ သူတို့လဲ အကုန် မကယ်နိုင်ပါဘူး။ မုန်တိုင်းကြောင့် မိဘမဲ့ကလေးတွေနဲ့ အခြားမိသားစုတွေ အများကြီးရှိနေပါသေးတယ်။ ဒါတွေကို မြန်မာပြည်သားတစ်ယောက်အနေနဲ့ဖြစ်ဖြစ်၊ လူသားခြင်း စာနာထောက်ထားမှူ အရဖြစ်ဖြစ် လျစ်လျူရှုမနေသင့်ပါဘူး။ သူတို့ငတ်နေတာ သင်တို့တကယ်တွေ့ရင် သင်တို့ထမင်းမျိုကျနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်ုပ်ပြောရဲတယ်။ ဒါကြောင့် တတ်နိုင်တဲ့ဘက်က  တတ်နိုင်သလောက် နည်းနည်းဖြစ်ဖြစ် ကိုယ်တိုင်မသွားနိုင်တောင် အဆက်အသွယ်ရှာဖွေပြီး စာနာထောက်ထားစွာနဲ့ စား၊ ၀တ်၊ နေရေး ပညာရေး အဆင်ပြေအောင် ထောက်ပံ့ကြပါလို့ ကလေးတွေ၊ ဒုက္ခရောက်သူတွေ ကိုယ်စား ကျွန်ုပ်ကတိုက်တွန်းအပ်ပါတယ်။ ယနေ့မှစပြီး ဒုက္ခရောက်သူ တွေကို တတ်နိုင်သမျှ ကူညီမည်ဟု နှလုံးသွင်းနိုင်ကြပါလျှင်ဖြင့် ကျွန်ုပ်သည်နေရာမှ ဦးညွှတ်လိုက်ပါတယ်။
(မင်္ဂလာညနေခင်း)
Sunday, November 7, 2010
ကြောက်စိတ်
     ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်းအထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေလက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို သင်ပြီးစပေါ့။မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်း ဆရာတော် ဆီမှာပညာသင်ကြားခဲ့ရတယ်။တစ်နေ့မှာ အင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း
ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာသေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေး တဲ့အခါ မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်း တော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။
     ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့.။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက် ဟဲ့...... ငလွင်မရသေးဘူးလား လို့မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက် ရတော့တယ်။ ငလွင်......လာခဲ့ လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော်အသံက ကျောင်းသား အားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။
     ဟဲ့...ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်း ညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ။ ဒီလိုလူက ငါးခြောက်ပြား တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင်
လုပ်နိုင်တော့မှာလဲ လို့မိန့်ပြီး အချက်ပေါင်း များစွာ ရိုက်နှက်ဆုံးမပါသတဲ့။
     ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်း တစ်ခုက စံကျောင်း ဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား လို့ အဓိပ္ပါယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ဝင်လာပါတယ်. အဖြေလွှာ တွေကို စားပွဲပေါ် ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။
     ဆရာ့မျက်နှာက နီပြီးတင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီးကြည့်တယ်။ တစ်တန်းလုံး ကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။ ဆရာက ကျောင်းသားတစ်ယောက်ရဲ့နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ နောက်ဆုံးခုံက ကျောင်းသားတစ်ယောက်ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။ "ဒါ မင်းအဖြေလား"။ "ဟုတ်ပါတယ် ဆရာ"၊ "အေး တစ်တန်းလုံး ကြားအောင် ဖတ်စမ်း" နည်းနည်း အံ့သြနေပုံနှင့် ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း။ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကပိုပြီး ကြီးမားနေနိုင်ကြောင်း၊ ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရပါလျှက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့် ဟု သံသယဖြစ်စရာရှိကြောင်း။ ဘုရားသားတော် တို့မည်သည် ရသတဏှာဖြစ် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲမှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်း လက်ထက်မှာ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ် လက် ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင် နိုင်ကြောင်း၊ အဲဒီလိုတွေ ဖြေထားတာဗျ။
     တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။ ကျောင်းသား ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။ "မင်း ငါ့ကို နောက်တာလား" "ဟာ.......မဟုတ်ပါဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ" ကဲအားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ....မင်းကစ၊ သူဖြေတာ မှန်သလား၊
မှားသလား။
     ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင်ကျောင်းသားကို ကြည့်လိုက် ၊ ဆရာ့ကို ကြည့်လိုက် ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။ ဒါပေမယ့် သူ့လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေအောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံး လိုလိုလည်း ကျွန်တော့်လိုဘဲထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင်သိသာပါတယ်။
ဟေ့ကောင်.......ဖြေလေကွာ ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချ လိုက်တယ်။
     တကယ်တော့ ဆရာကမှန်သလား၊ မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ် ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေက မှားတယ်လို့ ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာက ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန်တူပါရဲ့။ သူဖြေတာ မှားပါတယ် ဟုတ်ပြီ၊ နောက်တစ်ယောက် မှန်....အဲ...မှားပါတယ် နောက်တစ်ယောက် မှားပါတယ်
တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့်ရောက်လာပါတယ်။ ကျွန်တော်
ထရပ်လိုက်ပါတယ်။ အသက် တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။ မှားပါတယ်၊ အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့် နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ။ 
     လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းထဲမှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့် ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့လိုဘဲ ခံစားနေရမှာကပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။ ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကိုကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာမှာ ဒီလိုတပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။
ကျောင်းမှာ အဲဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။ အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက် ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ.........။ ခက်ထန်တဲ့ အမူအရာတွေ။ ။
     အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေေ၀နဲ့။ လုပ်ငန်းခွင်ထဲမှာ ပြုပြင် ပြောင်းလဲဘို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေ ရှိရင်လည်း ကျွန်တော်ဘာမှ မပြောရဲဘူး။ အပြုဘက်က မြင်ပြီးပြောင်းလဲပစ်လိုက်ရင် အကျိုးရှိမယ်ဆိုတာ သေသေချာချာကြီး သိမြင်နေပါလျှက်ကနဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့ ကျွန်တော်ဘာမှ အကြံမပြုရဲဘူး။ ကျွန်တော့ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ မတောင်းကြဘူးလေ။
     သင်ခဲ့ရတဲ့ ပညာတွေ စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာ မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့ ကျွန်တော် မထင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ အဲဒါ ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။ ကျွန်တော့အထက် အဆင့်ဆင့်၊ အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒါကို မှန်တယ် ထင်လာကြရင်ဖြင့်......ဌာန မနာဘူးလား တိုင်းပြည်မနာဘူးလား၊ ပညာရပ်အမြင်နဲ့ ကြည့်ရင် တစ်ကမ္ဘလုံးနဲ့ လူသားအားလုံး နာပါတယ်။ ဒါပေမယ့်....... ကျွန်တော်
အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။
သူ့အမေ လက်ထဲမှာ တုတ်တစ်ချောင်းနဲ့.......
"ဘယ်လိုဖြစ်နေကြတာလဲကွာ" "ဘယ်လိုဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင် မလုပ်ဘဲ ကမြင်းတာလေ၊ ပန်းကန်တစ်လုံး ကွဲပြီ"  "ဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ.................................."
"တော်...... စာအုပ်ထဲက ဟာတွေလာပြောမနေနဲ့၊ ပန်းကန်တစ်လုံး ဘယ်လောက် အောက်မေ့လို့လဲ၊ ရှင့် ၀င်ငွေက ဘယ်လောက်..............................." 
ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက် မျက်လုံးများနဲ့ ကျွန်တော့်ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။ ဒါပေမယ့် ဖေဖေ့မျက်လုံး တွေကလည်း သားရဲ့ မျက်လုံးတွေလိုဘဲ ဖြစ်နေတာ ကြာပါပြီကောလား သားရယ်.......။
(မောင်သစ်ဆင်း)
Saturday, November 6, 2010
ခေတ်တာဝန်
     ယခုခေတ်မှာ လူအတော်တော်များများဟာ နည်းပညာ၊ ခေတ်ပေါ်အသုံးအဆောင် စတာတွေအပေါ် အာရုံစိုက်လာကြပါတယ်။ တနည်းအားဖြင့် ဒါဟာခေတ်ရဲ့ စေစားရာကို လိုက်လာကြတာပါ။ ကောင်တဲ့အချက်ရှိသလို ဆိုးတဲ့အချက်လည်းရှိတာပါပဲ။ ခေတ်မှီလာတာ မကောင်းဘူးလားလို့မေးရင်။ အကုန်ကောင်းတယ်လို့ ဖြေနိုင်စရာ အကြောင်းမရှိပါဘူး။ တစ်ခုနှစ်ခုလောက် ထုတ်ဖေါ် ပြရလျှင် အ၀တ်အစား အသစ်အဆန်းတွေကို တီထွင်နေတဲ့ သူတွေဟာ သီးပင်၊ စားပင်တွေကို စိုက်ပျိုးနေတဲ့ သူတွေ ကျောင်းဆရာတွေ၊ စာပေရေးသားနေသူတွေထက် ၀င်ငွေတွေကောင်း နိုင်ငံတကာမှာ လူသိများ အောင်မြင်မှူတွေနဲ့ ကျော်ကြား နေတာဟာ အကောင်းဘက်ကို ဦးတည်နေတာပါလို့ ပြောလျှင်တော့ သင်လက်ခံနိုင်ပါမည်လား။ သင်ကြီးရွယ်အို၊ ကလေး၊ မသန်စွမ်းသူ တွေကိုတောင်မှ ဦးစာပေးမှူ၊ ကူညီမှူတွေ ရှေးယခင်ကလောက်နည်းလာတွေဟာ သင့်ပတ်ဝန်းကျင်မှာတွေ့နိုင်ပါတယ်။ ဒီလိုပြောခြင်းဟာ ယခုခေတ်ကြီးကလုံးဝ မကောင်းဘူးလို့ ပြောနေခြင်းမဟုတ်ပါ။ ခရီးသွားလာရ လွယ်ကူလားခြင်း၊ သတင်းအချက် အလက်များအား အချိန်တိုအတွင်း သိရှိနိုင်ခြင်းတွေဟာ ယခုခေတ်ရဲ့ အားသာချက်တွေပါပဲ။
     ယခုခေတ်လူတွေဟာ စာဖတ်ရာတွင်လည်း တိုတို တုတ်တုတ် သတင်းအချက်အလက် သိရုံလောက်ရုံ စာဖတ်သူတွေ များလာကြပါတယ်။ သူတို့တွေကို ဂန္ထ၀င်စာပေတွေအကြောင်း မေးကြည့်ပါ။ သူတို့တွေ စာအုပ်နံမည်တွေ အတော်များများသိပါတယ်။ ဖတ်ဘူးသူကတော့ ၀မ်းနည်းစရာ ကောင်းလောက်အောင် နည်းပါးလာကြပါပြီ။ စာရှည်ရှည် ဖတ်ခိုင်းခြင်းဟာ သူတို့ကို ထောင်ထဲမှာ ချုပ်ထားတာလို့ ထင်နေကြပါတယ်။ ရသ၊ ဂန္ထ၀င်စာပေ ဖတ်မှူ အားနည်းလာခြင်းကြောင့် သူတို့တွေရဲ့ အတွေးထဲမှာ စာနာခံစားမှူ၊ သနားကျင်နာမှူ၊ တစ်ဦးပေါ် တစ်ဦး နားလည်မှူတွေမှာ အားနည်းလာကြပါတယ်။ ဒါဟာ အတတ်ပညာပိုင်းဆိုင်ရာ အားကောင်းလာသော်လည်း ခံစာမှူ စာနာနားလည်မှူ နှလုံးသား အားနည်းလာတဲ့ ဘက်ကိုသွားနေတာပါ။
     ဒါကြောင့် မြန်မာပြည်အတွင်းမှ လူတွေရော၊ နိုင်ငံခြားရောက် မြန်မာတွေရော မိမိနဲ့ မိမိရဲ့ မျိုးဆက်သစ် တွေအပေါ်မှာ ခံစားနာလည်းမှူ အသိပညာ၊ ယျဉ်းကျေးမှူ၊ ဘာသာတရားတွေ မကွယ်ပျောက်သွားရလေအောင် တာဝန်ယူကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
(မင်္ဂလာညနေခင်း)
Thursday, September 23, 2010
ကျွန်ုပ်နှင့် ဆပ်ပြာ
     ကျွန်ုပ်တို့ မြန်မာပြည်မှာ အများဆုံး တကိုယ်ရေ သန့်ရှင်းဘို့ ဆပ်ပြာတုံးကို အသုံးများကြပါတယ်။ ကျွန်ုပ်တို့ ငယ်ငယ်ကဆိုလျှင် အ၀တ်တွေကို ရွှေဝါဆပ်ပြာနဲ့ လျှော်လေ့ရှိပါတယ်။ အ၀တ်လျှော်စက် ကလဲ မပေါသေးတော့ ဆပ်ပြာမှုန့်ကို သုံးတာရှားပါတယ်။ ရန်ကုန်ရောက်တော့မှ အ၀တ်လျှော်စက်နဲ့ အ၀တ်လျှော်မှပဲ ဆပ်ပြာမှုန့်ကို သုံးတတ်လာတာပါ။ ကြွေပြားတွေတိုက်ရင်လည်း ဆပ်ပြာမှုန့်ပဲ သုံးလာပါတယ်။ ဒါပေမယ့် ရေချိုးရင်တော့ ဆပ်ပြာအတုံးကိုပဲ သုံးပါသေးတယ်။
     Singapore ရောက်တော့ ဆပ်ပြာအရည်ဘူးတွေ တွေ့ပါတယ် ဒါပေမယ့် သုံးနေကြမဟုတ်လို့ ၀ယ်မသုံးဖြစ်ပါဘူး။ တစ်နေ့ သူငယ်ချင်းနဲ့ ဈေးဝယ်သွားရင်း တိုက်တွန်းလို့ ဆပ်ပြာအရည် စမ်းသုံးမယ်ဆိုပြီး ဘူးသေးသေးလေး ၀ယ်သုံးမိပါတယ်။ ၀ယ်မိတဲ့ ဆပ်ပြာရည်က ချွဲလိုက်တာမှပြောမနေနဲ့တော့ ရေတွေအများကြီးချိုးလည်း ချွဲနေတုန်းပဲ။ ရေသုပ်တဲ့အထိ ချွဲနေတယ်။ ဒါနဲ့မှတ်သွားရော ဆပ်ပြာရည်ဆို မသုံးဖြစ်တော့ဘူး။
     ဒီလိုနဲ့ ဆပ်ပြာအတုံးပဲ ဆက်သုံးလာတာ ကြာရောပေါ့။ တစ်နေ့ သူငယ်ချင်းတွေနဲ့ ဈေးသွားရင်းတွေ့ ပြန်တယ် ဆပ်ပြာအရည်ဘူးတွေ သူငယ်ချင်းက၀ယ်ဘို့ပြောနေတယ်။ ကိုကတော့ မကောင်းဘူး ချွဲတယ်လို့ပြောတော့ သူငယ်ချင်းက သူသုံးတဲ့ဟာက မချွဲဘူးတဲ့ ၀ယ်သာဝယ်ပြီးသုံးကြည့်ပါတဲ့ အာမခံတယ်တဲ့။ သူသုံးတဲ့ ဆပ်ပြာရည်က ထူးတယ်ဗျာ အစေ့လေးတွေပါတယ်တဲ့။ ဘာလို့လဲလို့မေးတော့ ချေးပိုပြောင်တယ်တဲ့ နှိပ်ပေးသလိုတောင်ဖြစ်တယ်ဆိုပဲ။ ဆပ်ပြာရည်အမျိုးအစားက " Spa Massaging Shower Scrub" လို့ရေးထားတယ် ။ ဒါနဲ့ မချွဲရင်တော့မဆိုးပါဘူးဆိုပြီး တစ်ဘူးဝယ်လိုက်တယ်ဗျာ။
     အိမ်ရောက်လို့ လုပ်စရာရှိတာလေးတွေလုပ်ပြီး ဆပ်ပြာရည်အသစ်နဲ့ ရေချိုးတာပေါ့။ ဒီမှာဇာတ်လမ်းက စတော့တာပဲ။ ဆပ်ပြာအရည်ရဲ့ အစေ့လေးတွေက ရှတရှတနဲ့ ရေချိုးရတာ ကသိကအောက်နိုင်လိုက်တာ ဒုက္ခကိုရောက်ရောပဲ။ ငယ်ငယ်က ချောင်းထဲရေဆင်းချိုးတာ သွားသတိရတယ်။ ချောင်းထဲရေးချိုးတော့ သဲတွေနဲ့ ဘောင်းဘီထဲဝင်လို့ ခိုးလိုးခုလု ဖြစ်ခဲရတာ ရေနဲ့မနဲစင်အောင်ချိုးရတာ။ အခုလဲ ဒီလိုပဲဗျာ ရှတရှတနဲ့ ချောင်းထဲရေဆင်းချိုးရတယ်မှတ်တယ်။ မလွယ်ပါလား........ဒီတစ်ဘူးတော့ ကုန်အောင်သုံးရအုံးမယ်။
(မင်္ဂလာညနေခင်း)
Friday, September 17, 2010
စာခြောက်ရုပ်
သြော်..ခြောက်ကပ်ကပ် နှစ်ခုတည်းသော ငါ့အရိုးတွေ
ကောက်ကွေးနေတဲ့ တံမျက်စည်းရိုးတွေလေ
စုတ်ပြဲနေတဲ့ လက်အိတ်တွေကလည်း မြင်မကောင်းတော့ပါဘူး
ငါ့ရဲ့ တစ်ချောင်းတည်းသော ခြေထောက်ကလည်း မြေကြီးထဲနစ်နေပြီ
ငါ့မှာ အလုပ်သမားတစ်ယောက်ရဲ့ အင်္ကျီဟောင်းတစ်ထည်
စိတ်ပျက်စရာ ကောင်းလှတဲ့ အ၀တ်စုတ်တွေလေ
ငါ့ကို ကမူလေးပေါ်မှာ ထားခဲ့ကြတယ်
မိုးဒဏ် လေဒဏ် နေဒဏ်တွေ ကြားမှာပေါ့။
ကြည့်နေရုံမှတပါး ဘာမှမတတ်နိုင်ခဲ့ပါဘူး
ရယ်စရာ ကောင်တဲ့ ဦးထုပ်ကလဲ မြက်ခြောက်တွေ အပြည့်နဲ့ပေါ့
ဟေး...ငှက်ကလေးတွေရယ် ငါရှိရာ လာခဲ့ကြပါကွာ
ငါ့ခေါင်းပေါ်မှာ အသိုက်ဖွဲ့လှည့်ကြပါ
ဘာလို့များ ငါ့ကိုတွေ့ရင် အဝေးကြီးကို ပြေးသွားကြတာလဲ။
(James Kirkup ကဗျာကိုခံစားတင်ပြသည်) မင်္ဂလာညနေခင်း
ဥပုသ်စောင့်
(ကျွန်တော် ငယ်ငယ်ကကော အခုကော မရိုးအောင်ကြိုက်တဲ့ ဆရာမင်းသုဝဏ် ရဲ့ကဗျာလေးကို အလွမ်းပြေဖော်ပြလိုက်ပါတယ်။)
ဆွမ်းအုပ်နီနီ၊ အမေရွက်လို့
နက်ဖြန်မနက်၊ ကျောင်ထွက်မယ်။
မောင်လည်းလိုက်မယ်၊ ချန်မထားနဲ့
အမေသွားတော့၊ ပျင်းလှတယ်။
ကျောင်ကြီးပေါ်မှာ၊ မောင်ငယ်ဆော့တော့
ဘုန်ကြီးအော့လို့၊ ရိုက်လိမ့်မယ်။
မောင်မဆော့ပေါင်၊ စိပ်ပုတီးနဲ့
ဘုန်းတော်ကြီးလို၊ နေပါ့မယ်။
လိုက်မယ်၊ လိုက်မယ်။
(မင်းသုဝဏ်)
Sunday, September 12, 2010
လောကဓံ
     လောကဓံတရားတွေကဘာတွေလဲလို့ သူငယ်ချင်းတစ်ယောက်က မေးဘူးပါတယ်။ လောကဓံ တရား(၈)ပါး ရှိပါတယ်။ အရိယာ မဖြစ်သေးသရွေ့တော့ ဤလောကဓံတရားတွေကိုခံကြရအုံးမှာပါ။ ဒါပေမယ့် အဲဒီလောကဓံ တွေကို သိပြီးတတ်နိုင်သလောက် သက်သာရာ ရအောင် ကြိုးစာနေနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။ အားလုံး လောကဓံ တရားတွေကို တတ်နိုင်သမျှ ကျော်လွှားနိုင် ကြပါစေ။
၁။ လာဘ     - လာဘ်ပေါများ၍ တက်ကြွ တုန်လှုပ်ခြင်း
၂။ အလာဘ - လာဘ်နည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း
၃။ ယသ      - အခြံအရံများ၍ တက်ကြွ တုန်လှုပ်ခြင်း
၎။ အယသ   - အခြံအရံနည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း
၅။ ပသံသ    - ချီးမွမ်းခံရ၍ ၀မ်းမြောက် တုန်လှုပ်ခြင်း
၆။ နိန္ဒ         - အကဲ့ရဲ့ခံရ၍ ၀မ်းနည်း တုန်လှုပ်ခြင်း
၇။ သုခ        - ချမ်းသာကိုစွဲ၍ ၀မ်းသာ တုန်လှုပ်ခြင်း
၈။ ဒုက္ခ        - ဆင်းရဲကိုစွဲ၍ ညှိုးငယ်ပူပြင်း စိုးရိမ်တုန်လှုပ်ခြင်း တို့ဖြစ်ပါတယ်။
(မင်္ဂလာညနေခင်း)
Thursday, September 2, 2010
ဘဝ
ငါလမ်းစလျှောက်တယ်
ချော်လဲတာ တဗိုင်းဗိုင်းပေါ့။
ကျောင်းစတက်တော့လဲ
စာမရတာအခါခါပေါ့။
ဒီလိုနဲ့ကမ္ဘာပေါ်လိုက်ရှာတယ်
ခြေချစရာ တစ်နေရာအတွက်ပေါ့။
တစ်နေရာပြီး တစ်နေရာလျှောက်ခဲ့
တိုက်ခိုက်မှုစစ်ပွဲတွေဗလ၀နဲ့
ငါဘာလက်နက်ကိုင်ရမှန်းမသိပဲ
ဒီစစ်ပွဲတွေ တိုက်ခဲ့ရပြီ
နောက်ဆုံးတော့ ငါ့လက်ထဲ ဗလာပဲလား????????
(မင်္ဂလာညနေခင်း) ( created in May,2008)
ရယ်စရာ စု - ၎
တူနဲ့ မထုလဲ မအိပ်ပါဘူး
“တစ်ဖက်ခန်းက အိမ်နီးချင်းဟာ အလိုက်ကန်းဆိုး မသိဘူး၊ တစ်ညလုံး နံရံကို
တူနဲ့ ထူနေတယ်”
 "ခင်ဗျား၊ တစ်ညလုံး အိပ်လို့ မရဘူးပေါ့၊ ကိုယ်ချင်းစားပါတယ်ခင်ဗျာ"
"အမှန်အတိုင်းပြောရရင် သူတို့ တူနဲ့ မထုလဲ ကျုပ်မအိပ်ဖြစ်ပါဘူး၊ တစ်ညလုံး
ကျုပ် ထရမ်းပက် အမှုတ် လေ့ကျင့်နေတယ်လေ"
-------------------------------------------------------------------
လေးယောက်မှာတစ်ယောက်
အရက်သမားသုံးဦး အရက်သောက်နေကြသည်။ တစ်ယောက်က ပြောသည်။
"တော်ပြီကွာ၊ ငါမသောက်တော့ဘူး၊ အရက်လေးယောက်မှာ တစ်ယောက်
 သေလေ့ရှိတယ်လို့ မနေ့က သတင်းစာထဲမှာ ငါဖတ်လိုက်ရတယ်"
"မင်းကလဲ အစိုးရိမ်လွန်ရန်ကော၊ တို့က သုံးယောက်ထဲပဲ ဥစ္စာ"
-------------------------------------------------------------------
ခေတ်လူငယ်တွေ ခက်ကိုခက်တယ်
"ဒေါ်ပု၊ ရှင့်သားက ကျွန်မကို ဝက်မကြီးလို့ ခေါ်တယ်ရှင့်"
"ခုခေတ်လူငယ်တွေ အင်မတန်ကို ပြောရဆိုရခက်တယ်တာပါကလား။
လူတစ်ယောက်ကို အပြင်ဘန်းအမြင်နဲ့ ဘယ်တော့မှ မဆုံးဖြတ်နဲ့လို့
အကြိမ်ကြိမ်ပြောလဲ မရဘူး"
-------------------------------------------------------------------
လေယာဉ်မှူး အလိုရှိသည်
ခရီးသည်တင် လေယာဉ် တစ်စီးပေါ်တွင် ဖြစ်သည်။
"ခရီးသည်တွေထဲမှာ ဆရာဝန် ရှိပါသလားရှင်"
 ဟူသော လေယာဉ်မယ်၏ ရေဒီယိုမှတဆင့် မေးမြန်းသံကို ခရီးသည်များ
ကြားကြရသည်။ လူရွယ်တစ်ဦးသည် မိမိ၏ထိုင်ခုံမှထကာ ပိုင်းလော့၏
အခန်းထဲသို့ ဝင်သွားသည်။ မကြာမီ ဆရာဝန်လူရွယ်၏ ကြေငြာချက်ကို
ကျန်ခရီးသည်များ အောက်ပါအတိုင်း ကြားကြရသည်။
 "ခရီးသည်တွေထဲမှာ လေယာဉ်မောင်း တက်သူရှိပါသလားခင်ဗျာ"
------------------------------------------------------------------
ပညာက မနေဘူး
လမ်းဖြတ်ကူးသူကို မော်တော်ဆိုင်ကယ်က ဝင်တိုက်မိပြီး မောင်းပြေးသွားသည်။
 အခင်းဖြစ်သည့် နေရာသို့ ရဲသားချက်ချင်းဆိုသလို ရောက်လာသည်။
အတိုက်ခံရသူသည် နာမည်ကြီး ခါးပိုက်နှိုက်သမား ဖြစ်ကြောင်း တွေ့တွေ့ချင်း
ရဲသားက သိလိုက်သည်။
"တိုက်သွားတဲ့ မော်တော်ဆိုင်ကယ်ရဲ့နံပါတ်ကို မင်းမှတ်ထားလိုက်သေလား"
 "မမှတ်မိလိုက်ဘူး၊ ဒါပေမယ့် သူ့ပိုက်ဆံအိတ်ကိုတော့ နှိုက်ထားလိုက်တယ်၊ ရော့"
------------------------------------------------------------------
စားချင်သလား
အီဗန်သည် မိမိ၏ သူငယ်ချင်း နီကိုလိုင် အိမ်သို့ ရောက်လာသည်။ နီကိုလိုင်၏
မိခင်က တံခါးကို ဖွင့်ပေးသည်။
"နီကိုလိုင် ထမင်းစားနေတယ်ကွဲ့၊ မင်းလဲ ထမင်းစားချင်မယ်ထင်တယ်"
"ဟုတ်ကဲ့"
"အဲဒီလိုဆို အိမ်ပြန်ထမင်းသွားစားချေ၊ ပြီးတော့ ပြန်လာခဲ့ပေါ့"
-----------------------------------------------------------------
 သွားမှဖြစ်မယ်
ဆရာဝန်တစ်ယောက် လက်ထပ်လိုက်သည်။ နှစ်ရက်အကြာတွင် သူငယ်ချင်း ဆရာဝန်တွေက
 ဖုန်းလှမ်းဆက်သည်။
"ဟေ့ကောင် … ပိုကာဒေါင်းမယ်။ မြန်မြန်လာခဲ့။ ဒီမှာ တစ်အိမ်လိုနေလို့"
ဆရာဝန်က အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဆေးရုံမှ ဖုန်းဆက်ကြောင်း
ဇနီးသည်အားပြောသည်။ အလောတကြီး အ၀တ်အစားလဲနေသော ယောက်ျားကိုကြည့်ရင်း
 ဇနီးဖြစ်သူကမေးသည်။
"ဟိုမှာ တော်တော်လေး အရေးကြီးနေလို့လား မောင်"
ဆရာဝန်က ခပ်တည်တည်ပြန်ဖြေသည်။
"အရေးကြီးတာပေါ့။ ဟိုမှာ ဆရာဝန်(၄)ယောက်တောင် ရောက်နေကြပြီ"
-----------------------------------------------------------------------
 ကြောက်သွားပြီ
သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း စကားပြောနေကြသည်။ တစ်ယောက်ကပြောသည်။
"တော်ပြီကွာ။ ငါခုတလော လျှော့သောက်နေတယ်"
 အံ့သြသွားသော အခြားသူငယ်ချင်းက အကြောင်းရင်းကိုမေးရာ ပထမတစ်ယောက်က ပြန်ဖြေသည်။
"တလောကကွာ။ ငါအပြင်မှာ သောက်တာ တော်တော်များသွားတယ်။ အဲဒါ အိမ်လဲပြန်ရောက်ရော
တံခါးဖွင့်ပေးတဲ့ ငါ့မိန်းမက နှစ်ယောက်ဖြစ်နေတယ်လို့ ငါ့မျက်လုံးထဲမှာ
 မြင်လိုက်ရတယ်။ နောက်တစ်ခါ အဲဒီလောက် ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး
ထပ်မဖြစ်ချင်တော့ဘူးကွာ"
---------------------------------------------------------------------
ကံကောင်းတဲ့ မောင်
လူတစ်ဦး ကားတိုက်ခံရပြီး ဆေးရုံသို့ ရောက်လာသည်။ သတင်းကြားသဖြင့် ဆေးရုံသို့
လိုက်လာသော ၄င်း၏ဇနီးက ၀မ်းသာအားရပြောသည်။
 "မောင်ရယ်၊ ကံကောင်းလိုက်တာနော်။ မနေ့ကပဲ မောင် မတော်တဆမှုအတွက် အာမခံ
လုပ်ထားလိုက်တယ်။ ဟော … ဒီနေ့ပဲ ကားတိုက်ခံရပြီ"
--------------------------------------------------------------------------
နားမလည်ဘူး
မိသားစု(၃)ယောက် ညစာတူတူ စားနေကြသည်။ သားငယ်က အဖေအား လှမ်းမေးသည်။
"ဖေဖေ မေမေ့ကို ဘာလို့ လက်ထပ်ခဲ့တာလဲ ဟင်"
 ယောက်ျားလုပ်သူက မိန်းမအား လှည့်ပြောသည်
"တွေ့လား … ငါ့လုပ်ရပ်ကို ကလေးတောင် နားမလည်ဘူး"
-------------------------------------------------------------------
ဖိုးကံကောင်း
လက်ထပ်ပြီးစ ပုဂ္ဂိုလ်တစ်ဦး ထီပေါက်သည်။ သူငယ်ချင်းဖြစ်သူက ၄င်း ကံကောင်းကြောင်း
ချီးကျူးသည်။ ထို့နောက် သူငယ်ချင်းက မေးသည်။
 "ဒါနဲ့ ထီပေါက်တာသိတော့ မင်းမိန်းမ ဘာပြောသေးလဲ"
ထီပေါက်သူက ဖြေသည်။
"ဟင့်အင်း … ၀မ်းသာလွန်းလို့ ဆွံ့သွားလိုက်တာ ခုထိ စကားမပြောနိုင်သေးဘူး"
သူငယ်ချင်းက ပြောသည်။
"ကြည့်စမ်း၊ ကြည့်စမ်း … ကံကောင်းတဲ့သူတွေများ ဆက်တိုက်ကို ကံကောင်းကြတာပါလား"
----------------------------------------------------------------
(from forward mail)
Wednesday, September 1, 2010
ဒုလ္လဘတရား (၅) ပါး
     လောကမှာ ရခဲလှတဲ့ အရာတွေရှိပါတယ် ဘုရားပြောတဲ့ ရခဲခြင်း (၅) မျိုးမှာ ကိုယ်ဘာတွေနဲ့ ကြုံနေပြီလဲလို့ တိုက်ဆိုင်ကြည့်လိုက် ကြဆို့ရဲ့။
    ကိုယ့်မှာရှိပြီးသား၊ ကြုံပြီးသားတွေဆိုရင်လဲ ၀မ်းသာကြပြီး မဆုံးရှုံးအောင် ဆက်လက်ထိန်းထားလျက်၊ မရှိသေး မကြုံသေးတာရှိရင်လည်း  တတ်နိုင်သလောက် ကြိုးစားပြီး ကောင်းမှုလေးတွေ ပြုမယ်ဆိုရင်ဖြင့် (၅)ခုလုံး မကြုံနိုင်သော်လည်းပဲ လောက သံသရာမှ လွတ်မြောက်နိုင်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းများ ကျန်းမာ၊ ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ။
(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ              = ဘုရားပွင့်သောကာလနှင့် ကြုံကြိုက်ခဲခြင်း၊
(၂) မနုဿတဘာဝ ဒုလ္လဘ   = လူအဖြစ်ကိုရခဲခြင်း၊
(၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ       = သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊
(၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ      = ရဟန်းအဖြစ်၊ ရဟန်းဘ၀ကိုရခဲခြင်း၊
(၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ = သူတော်ကောင်းတရား (မှန်ကန်သောတရား)ကို
                                         အလွန်ကြားနာရခဲခြင်း၊ တို့ဖြစ်ကြပါတယ်။
(မင်္ဂလာညနေခင်း)
Sunday, August 29, 2010
ကျွန်ုပ်နှင့် မိုးဖွဲနေ့
     ကျွန်တော်ရန်ကုန်မြို့တော်ခန်းမ ရှေ့နားက ခရစ်ယာန်ကျောင်းရှေ့မှာ မိုးဖွဲလေးတွေကျလို့ ခဏတာမိုးခိုနေတုန်း တောင်မွှေးလေးထောက်ရင်း သူတောင်းစားမကြီးတစ်ယောက် လမ်းလျှောက်လာနေတယ် သူ့မျက်လုံးတွေက ဟိုလူ့ကြည့် ဒီလူ့ကြည့်နဲ့ ဘယ်သူများပိုက်ဆံပေးလေမလဲပေါ့။
     ကျွန်တော်လည်းကြည့်နေရင်း သူ့လက်ကိုတွဲထားတဲ့ သူတောက်စားမကြီးရဲ့ ကလေးနှစ်ယောက်ကိုတွေ့လိုက်တယ် ၃,၄ နှစ်သားလေးတွေရှိလောက်ရောပေါ့ ကောင်မလေးတစ်ယောက်၊ယောကျာ်းလေးတစ်ယောက်။ သူတို့တွေကတော့မိခင်ကြီးရဲ့လက်ကို လက်တစ်ဖက်ကတွဲရင်း တစ်ဖက်ကတော့ ကလေးသဘာဝ ဆော့နေလေရဲ့။ မိခင်ကြီးမှာလည်းတုံတုံ ချိချိပုံစံနဲ့ တကယ်လား၊ လူသနားအောင်လုပ်ထားတာလား ဟုစိတ်ထဲကစဉ်းစားနေမိပါတယ်။ ကောင်းတော့မကောင်းပါဘူး ဒါပေမယ့်စိတ်အစဉ်ထဲ ၀င်လာတာလေးကတော့အမှန်ပါပဲ။ ဂရုဏာလဲဖြစ်မိပါတယ် သံသယလည်းဖြစ်မိပါတယ်။ စိတ်အစဉ်ထဲဒွိဟ ဖြစ်နေပါတယ်။
     မိန်းမကြီးက တကိုယ်လုံးနနွမ်းတွေလိမ်းထားတာ ၀ါထိန်နေတာပဲ။ အ၀တ်လက်ရှည်လေးနဲ့ အင်္ကျီကလဲ ဟိုနေရာပြဲ ဒီနေရာအဖာလေးနဲ့ပေါ့။ ကလေးတွေက ဘောင်းဘီတိုလေးတွေနဲ့ ကလေးမလေးကအနီရောင် ညစ်ညစ်လေးဝတ်ထားပြီး၊ ကောင်လေးက အပြာရောင်ဖျော့ဖျော့လေးဝတ်ထားတယ် မလျှော်တာလည်းကြာပြီထင်ပါရဲ့ ညစ်ထေးနေတာပဲ။ အင်္ကျီကတော့ ဘာရောင်မှန်းကိုအတိအကျပြောလို့ မရေအောင် အရောင်တွေလွင့်နေပါပြီ။
     တကယ်ဆိုရင် ကလေးတွေကိုမိုးရွာထဲမှာ ခေါ်လာဘို့မသင့်ဘူးပေါ့၊ ဒါမှမဟုတ်အိမ်မှာ ဘယ်သူမှမရှိလို့လား။ ယောကျာ်းကောမရှိလို့လား။ ဘယ်မှာနေတာပါလိမ့်။ ကလေးတွေကော ကျောင်းတွေဘာတွေ တတ်နိုင်မယ်မထင်ဘူး။ ကလေးတွေကြီးလာရင်ဘာတွေဖြစ်ကုန်မှာလည်း၊ တောင်းစားတာ အကျင့်ပါပြီး သူတောင်းစားလေးတွေဖြစ်ကုန်မှာလည်း ရင်လေးမိပါတယ်။ ဘာလို့လဲဆိုတော့ ပညာမသင်ရ ဘာမသင်ရနဲ့ အသိဥာဏ်နည်းပြီး မလုပ်တတ်မကိုင်တတ်ဖြစ်ပြီး အလွယ်လိုက်သွားနိုင်တယ်လေ။ ရရစားစား လေးတွေများဖြစ်သွားမလား။ အော်လူရယ်လို့ ဖြစ်လာရင် စားဝတ်နေရေး အစဉ်မပြေရင် အကုန်လုံးဖြစ်သွားနိုင်တယ်လေ။ ဘာဖြစ်လို့ဆင်းရဲနေကြတာလည်း။ စဉ်းစားရင်း သူတောင်စားမကြီးနဲ့ မျက်လုံးခြင်းဆုံမိပါတယ် သူ့မျက်လုံးက အသနားခံနေတဲ့မျက်လုံးပါ လက်ကလေးဖြန့်ရင်း တကြည့်ကြည့်လုပ်နေပါတယ်။ ကျွန်တော်သနားတော့သနားတယ်ဗျာ ဒါပေမယ့်သံသယတော့ရှိနေဆဲပါ။
     ဒီအချိန်မှာ သူ့ကလေးကိုတတောင်နဲ့တွတ်လိုက်တာတွေ့ရတယ် ကလေးက ကျွန်တော်ရှိရာကို လက်ကလေးဖြန့်ရင်း ပြေးလာတော့တယ်။ ကျွန်တော်ဘာမှမတွေးနိုင်ခင်မှာပဲ ကျွန်တော့လက်တွေအိပ်ထောင်ထဲကို ရောက်နှင့်နေပြီလေ ကျွန်တော့ရဲ့ သူတောင်းစာမကြီးအပေါ် ထားတဲ့သံသယ စိတ်တွေဟာလည်း ကလေးတွေကြောင့် အရည်ပျော်ခဲ့ရပါပြီ။ အိတ်ထောက်ထဲမှာရှိတဲ့ ၂၀၀ တန်အထပ်ကလေးကို ပေးလိုက်မိတယ်။ ကလေးကလှမ်းယူပြီး သူ့အမေရှိရာကိုပြေးသွားရင်း  သူ့အမေကိုလှမ်းပေးလိုက်တယ်။ သူတောင်းစားမကြီးက ကျေးဇူးတင်တဲ့ အကြည့်လေးကြည့်ရင်း ရှေ့ဆက်သွားပါတော့တယ်။
     ကျွန်တော်လည်း ဒီငွေလေးနဲ့ ဒီနေ့တော့ထမင်းဝနိုင်ကောင်းပါရဲ့၊ နောက်နေ့တွေဘယ်လိုများ စခန်းသွားလေမလဲ၊ ဒီကလေးတွေရဲ့အနာဂါတ်ဟာ ဘာတွေများဖြစ်လာမလဲ လို့အတွေးတွေနဲ့ မိုးခိုရင်းကျန်ရစ်ပါတော့တယ်။
(မင်္ဂလာညနေခင်း)
Thursday, August 19, 2010
ရယ်စရာ စု-၃
  ဒီလိုပဲ
တစ်နေ့တွင် ဆရာဝန်တစ်ယောက်ထံ နားထဲသို့ ဂေါ်လီလုံးဝင်သွားသော ကလေးလူနာတစ်ယောက်
ရောက်လာလေသည်။ ဆရာဝန်ခမျာ ကလေးနားထဲသို့ ၀င်နေသော ဂေါ်လီလုံးကို ခက်ခက်ခဲခဲနှင့်
အသည်းအသန်ကြိုးစားပြီး ထုတ်ပေးလိုက်ရသည်။ ထို့နောက် ကလေးငယ်အား မေးလိုက်သည်။
"သားရယ်… နားထဲကို ဂေါ်လီလုံးဝင်အောင် ဘယ်လိုများ ဆော့လိုက်ပါလိမ့်"
ထိုအခါ ကလေးငယ်က "ဒီလိုပဲ ဦးဦးရဲ့" ဟုဆိုကာ ဂေါ်လီလုံးကို နားထဲသို့
ပြန်ထည့်ပြလိုက်လေသည်။
 -------------------------------------------
 မပြောတတ်သေးဘူး
 ကိုယ်ဝန်အရင့်အမာနှင့် မိန်းမဖြစ်သူ အလွန်အမင်း ဗိုက်နာနေသည့်အတွက်
ယောက်ျားဖြစ်သူက ဆရာဝန်ကို အသည်းအသန် ဖုန်းဆက်ခေါ်သည်။
ဆရာဝန်မကြီးရောက်လာပြီးနောက်-
"လူနာရော"
"အခန်းထဲမှာ"
"ရှင် အပြင်မှာပဲနေနော်၊ အခန်းထဲဝင်မလာနဲ့"
"ဟုတ်ကဲ့"
ခဏကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး ယောက်ျားဖြစ်သူကို လှမ်းပြောတယ်။
"၀က်အူလှည့်ရှိရင် အမြန်ပေးပါ"
"ဟုတ်ကဲ့"
ယောက်ျားဖြစ်သူက ယူပေးလိုက်တယ်။ ဆရာမကြီးဝင်သွားပြီး ခဏနေတော့ ပြန်ထွက်လာတယ်။
"ပလာယာပါ လိုချင်တယ်"
"ဟုတ်"
တစ်မိနစ်လောက်ကြာတော့
"စို့ နဲ့ တူသာ ပေးပါတော့"
ဒီတော့ လူနာရှင်ယောက်ျားက စိုးရိမ်တကြီးနဲ့
"ဆရာမရယ်၊ ပွင့်ပွင့်လင်းလင်းပြောပါခင်ဗျာ
၊ လူနာရဲ့ အခြေအနေက
တော်တော်ဆိုးလို့လား"
"မပြောတတ်သေးဘူးရှင့်၊ ဆေးသေတ္တာကို ဖွင့်လို့မရသေးလို့ လူနာကို မကြည့်ရသေးဘူး"
--------------------------------------------
ဘာဆက်မက်တာလဲ
ဧည့်သည်များစုံလင်နေချိန်တွင် လူတစ်ဦးက အခြားသူငယ်ချင်းတစ်ဦးကို
နောက်ပြောင်လိုသောကြောင့် စကားလှမ်းပြောသည်။
"တလောက ငါ အိပ်မက်,မက်တယ်ကွ၊ အိပ်မက်ထဲမှာ မင်းနဲ့ငါနဲ့ အတောင်ပံတွေပေါက်ပြီး
ပျံကြတယ်။ ဒါပေမယ့် ဝေးဝေးကို မပျံနိုင်ဘဲ တို့နှစ်ယောက်လုံး မြေကြီးပေါ်ကို
ပြန်ကျလာကြတယ်။ အဲဒီအချိန်မှာ ငါက ပျားရည်တွေ အပြည့်ရှိတဲ့ တွင်းထဲကို
ပြုတ်ကျပြီးတော့၊ မင်းကတော့ အညစ်အကြေးတွေ ပြည့်နေတဲ့ တွင်းကြီးထဲကို
ကျသွားတယ်ကွ"
အပြောခံရတဲ့ သူငယ်ချင်းကလည်း ဟာသဉာဏ်ရှိသူဖြစ်လေတော့ ချက်ချင်းပဲ
ပြန်ပြောလိုက်တယ်-
"အံ့သြစရာကောင်းလိုက်ပါဘိကွာ၊ ငါလည်း အဲဒီပုံစံအတိုင်းပဲ အိပ်မက်,မက်တာကွ။
ဒါပေမယ့် ငါက ရှေ့ဆက်ပြီး အိပ်မက်ဆုံးတဲ့အထိ မက်ခဲ့သေးတယ်ကွ"
"ဟေ၊ ဟုတ်လား… ဘာတွေ ဆက်မက်ခဲ့သေးလို့လဲ"
"ငါတို့တွေ တွင်းတွေထဲကနေ ပြန်တက်လာပြီးတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန် လျှာနဲ့လျှက်ကြတယ်လေ"
 ------------------------------
အခန်းငှားမရလို့ 
ဂျီကာဂိုမြို့မှ အမျိုးသမီးကြီးတစ်ဦးသည် မရောက်ဖူးသေးသည့်
ဖလော်ရီဒါပြည်နယ်သို့ ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။ မြို့တစ်မြို့သို့
ရောက်သောအခါ ဟိုတယ်တစ်ခုသို့ ၀င်သည်။ အဆိုပါဟိုတယ်မှာ
လူမျိုးရေးခွဲခြားမှုရှိသော ဟိုတယ်အဖြစ် ထင်ရှားသည့်ဟိုတယ် ဖြစ်သည်။
ဟိုတယ်မန်နေဂျာအား အမျိုးသမီးကြီးက ပြောလိုက်သည်။
"ကျွန်မကို အခန်းတစ်ခန်းပေးပါ၊ နှစ်ပတ်ကြာနေပါ့မယ်"
မန်နေဂျာက ပြန်ဖြေသည်။
"၀မ်းနည်းပါတယ်ခင်ဗျာ၊ ကျွန်တော်တို့ဆီမှာ အခန်းလွတ်မရှိပါဘူး"
ထိုအချိန်တွင် ဧည့်သည်တစ်ယောက် အခန်းလာအပ်သည်ကို တွေ့ရသဖြင့် အမျိုးသမီးကြီးက
ဝမ်းသာအားရပြောလိုက်သည်။
"ကြည့်စမ်း၊ အဆင်ပြေလိုက်တာ၊ အခန်းတစ်ခန်း လွတ်သွားပြီ။ အခုပြန်အပ်တဲ့အခန်းကို
ကျွန်မကိုပေးလို့ ရပြီမလား"
"စိတ်မရှိပါနဲ့ဗျာ၊ ကျွန်တော်တို့ဟိုတယ်မှာ ဂျူးလူမျိုးတွေကို
တည်းခိုခွင့်မပြုပါဘူးခင်ဗျ"
"ဘယ်သူလဲ ဂျူးလူမျိုးက၊ ကျွန်မလား၊ ကျွန်မက ကတ်သိုလစ်ဘာသာဝင်ရှင့်"
"လွယ်လွယ်ယုံဖို့တော့ ခက်ပါတယ်ခင်ဗျ၊ မေးခွန်းအချို့ မေးခွင့်ပြုပါ၊
ဘုရားသခင်ရဲ့ သားတော်ဟာ ဘယ်သူပါလဲ"
"မယ်တော်မေရီကမွေးတဲ့ ယေရှုသခင်ပေါ့ရှင့်"
"သူ့ကို ဘယ်မှာမွေးတာလဲ"
"နွားတင်းကုတ်မှာ"
"ဘာဖြစ်လို့ နွားတင်းကုတ်မှာ မွေးရတာလဲ"
"နင်တို့လို အကောင်မျိုးတွေကြောင့် မယ်တော်မေရီ အခန်းငှားမရလို့တဲ့ဟေ့"
---------------------------------
ဒါတော့ မဖြစ်ဘူး ဆရာ
လူနာ - ဒေါက်တာ၊ ကျွန်တော်လေ… အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ်၊
ဘာလုပ်ရမလဲဆိုတာ အကြံပေးပါဦးခင်ဗျာ။
ဆရာဝန် - လွယ်ပါတယ်ဗျာ၊ တခြားအကြောင်းတွေ လျှောက်စဉ်းစားမနေနဲ့၊ အလုပ်ထဲမှာ
ခေါင်းမြှုပ်ထားလိုက်။
လူနာ - (ပြာပြာသလဲဖြင့်) ဟာ… အဲဒါတော့ မဖြစ်ဘူးဆရာ၊ ကျွန်တော်က
ဘိလပ်မြေဖျော်တဲ့လူဗျ။
(From Forward Mail)
Wednesday, August 18, 2010
ကျွန်ုပ်ချစ်သော ရှင်သာရိပုတ္တရာ (၂)
     အရှင်သာရိပုတ္တရာဟာ အရှင်အဿဇိရဲ့ တရားနဲ့ သောတာပန် ဖြစ်ခဲ့တာပါ။ ဒါကြောင့် ထိုအရှင်မြတ်ရှိရာဘက်ကို အမြဲ ဦးခေါင်းထားပြီး အိပ်လေ့ရှိပါတယ်။ အရှင်သာရိပုတ္တရာဟာ လက်ယာရံဖြစ်နေသော်လည်း မိမိကိုတရားသိအောင်ပြပေးသော ဆရာကိုအမြဲ ဂါရ၀ပြုပုံလေးက အတော်လေးချစ်ဖို့ကောင်းပါတယ်။ အမြဲလုပ်နိုင်ခဲတဲ့ ဂါရ၀ပြုမှုလေးပါ။
     အရှင်သာရိပုတ္တရာဟာ သူ့ဟာသူ လက်ယာရံပဲ အေးဆေးနေလို့ရပါတယ်။ အရှင်ကမနေနိုင်ပါဘူး သူ့ရဲ့ကျောင်း,သူ့ဆရာဘုရားရှင်,သာသနာတော် စသည်တို့အပေါ်မှာအမြဲ ကြောင့်ကြစိုက်လေ့ ရှိပါတယ်။ ရဟန်းတွေ ဆွမ်းခံထွက်ပြီဆိုလဲ နောက်ဆုံးမှာထွက်ပါတယ်။ အကြောင်းက ကျောင်းအတွင်းမှာ အမြင်မတော်တာတွေ တွေ့ရင်သိမ်းဆည်းတယ်, ရေဖြည့်တယ်, တံမျက်စည်းလှည်းတယ် ဒီအလုပ်တွေ လိုက်လုပ်နေတယ် ဒီတော့နောက်ဆုံးမှဆွမ်းခံကြွရတာပေါ့။ အရှင်က ရဟန်းတွေ ဆွမ်းခံဝင်နေချိန် တခြားသူတွေ ကျောင်းထဲဝင်ကြည့်လို့ ဖရိုဖရဲတွေ တွေ့သွားရင်ဖြင့် ဘုရားသာသနာကို ကဲ့ရဲ့မှာဆိုးရိမ်တော်မူတယ်လို့ ရှေးဆရာတို့ကရေးကြတယ်။ သူဟာသံဃာတွေ အပေါ်လဲ အလုပ်ကြွေးပြုချင်ပုံရတယ်။ ကျွန်တော်ထင်တာလေးပါ။ သူလိုလက်ယာရံကြီးက အခြားရဟန်းတွေ ရေအိုး သူတို့ရှေ့မှာ သွားဖြည့်ပေးလို့ ရဟန်းတွေ ဘယ်လက်ခံရဲမလဲ။ ဒါကြောင့်မရှိတဲ့အချိန်တွေ လုပ်တာဖြစ်နိုင်တယ်။ ဒါလေးတွေကလဲ တော်တော်ချစ်ဖို့ကောင်းတယ်ဗျာ။
     ဘုရားဥပဒေကို လေးစားတာလဲ တကယ်ကြည်ညိုဖို့ကောင်းတယ်။ အလှူမဏ္ဌပ်တစ်ခုမှာ ရက်ရှည်စတုဒီသာ ကျွေးတယ်။ ရဟန်းတွေက နေ့တိုင်းသွားစားနေလို့ လူတွေက ကဲ့ရဲ့ကြတယ်။ ဒါကို ဘုရားရှင်သိတော့ တစ်ရက်ပဲစားရမယ်လို့ ပညတ်တော်မူတယ်။ အရှင်သာရိပုတ္တရာက ဒေသစာရီ လှည့်လာရင်း အဲဒီအရပ်မှာ နာမကျန်းဖြစ်တယ်။ တစ်ရက်စာဆွမ်းဘုန်းပေးပြီး နောက်ရက်မှာလူတွေက လာကပ်လှူသော်လည်း ဘုရားရှင်တားမြစ်ထားတယ်ဆိုပြီး ဘုန်းပေးတော်မမူဘူးတဲ့။ နောက်တော့ဘုရားရှင် ကြားတော်မူပြီး နာမကျန်းဖြစ်လျှင် နေ့စဉ်သုံးဆောင်နိုင်တယ်ဟုခွင့်ပေးတော်မူရတယ်တဲ့။ ဘယ်လောက်လေးစားစရာ, ကြည်ညိုစရာ ကောင်းလိုက်လဲဗျာ။
(မင်္ဂလာညနေခင်း)
ဂုဏ်အလှ
ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း ။
ရွှေဂုဏ်ငွေဂုဏ် ရာထူးဂုဏ်သည်
လူ့ဘုံလောက အကာမျှတည့်
သူကငြူစူ မကြည်ဖြူ၍
ခွာယူလိုက ခွာ၍ရ ။
ရိုးဂုဏ်ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက နှစ်သာရတည့်
သူကငြူစူ မကြည်ဖြူလည်း
ခွာယူမရ ကွာမကျ ။
(ဇော်ဂျီ)
Wednesday, July 7, 2010
အိမ်အလှ
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်အိမ်မျိုးကို ကြိုက်သနည်း။
အိမ်ရှေ့ပန်းခင်း၊ ဇာပြတင်းနှင့်
အိမ်တွင်းကော်ဇော၊ ဆိုဖာချောနှင့်
အံ့ဩ ရင်မ၊ ဗန်းပြ လှလည်း
စိတ်က မောဟ၊ လက်က လောဘ
နှုတ်က မာန၊ ထားတတ်ကြမူ
အတ္တကိုယ်ကျိုး ထိုအိမ်မျိုး။
အိမ်နောက်စိုက်ခင်း ၊ စားမျိုးဟင်းနှင့်
အိမ်တွင်းသန့်စင်၊ လေနေဝင်နှင့်
အားအင်မျှတ၊ ဗန်းမလှလည်း
စိတ်ကမေတ္တာ၊ လက်မှာ စာဂ
နှုတ်က ဖြောင့်ရိုး၊ အနေရိုးမူ
သူ့ကျိုး ကိုယ့်ကျိုး ထိုအိမ်မျိုး ။ ။
(ဇော်ဂျီ)
Monday, July 5, 2010
ဆုံးဖြတ်ခြင်း အနုပညာ
     လူ့ဘ၀ဆိုတာ ဆုံးဖြတ်ချက်များနှင့်ဖွဲ့စည်းထားသည်ဟု ကျွန်ုပ်ပြောပါလျှင်လွန်မည်မဟုတ်ပါ။ လူတိုင်း၊ အရွယ်တိုင်း ဆုံးဖြတ်ချက်တွေချကြရပါတယ်။ ကလေးငယ်တွေပင်လျှင် ငိုမည်လား မငိုဘူးလား၊  ငါငိုလိုက်လို့ ဒီမုန့်ရမှာလား အရိုက်ခံရမှာလား သူလည်းတွက်ချက်ရပါတယ်။ ဦးနောက်အလုပ်လုပ်ရပါတယ်။ သူ့အတွက် ဆုံးဖြတ်ချက်ချရတာ လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ ကလေးငယ်တစ်ယောက်အတွက်တော့ ဒါဟာ မဟာစွန့်စားခန်းကြီးတစ်ခုပါ။
     ဆုံးဖြတ်နိုင်ခြင်းစွမ်းအားတွေဟာ လူတစ်ယောက်နှင့်တစ်ယောက်မတူညီကြပါဘူး။ ဆုံးဖြတ်နိုင်စွမ်းမရှိသူဟာ လေထဲတိုက်အိမ်ဆောက်နေရသလိုပါပဲ အတွေးအိမ်မက်တွေထဲမှာပဲ လွင့်မြောနေတတ်ပါတယ်။ ဘာဆုံးဖြတ်ချက်မှမချနိုင်လို့ ဘယ်မှလဲမရောက်ပါဘူး။ ဘာမှလည်းမဖြစ်ပါဘူး။ သူ့ဟာအချုပ်အနှောင်တွေနဲ့ နေနေရသူပါ။ လူတစ်ယောက်ဟာလွတ်လပ်ချင်တယ်ဆိုရင် ဆုံးဖြတ်ချက်တွေချရဲရပါတယ်။ ဆုံးဖြတ်ချက်ချခြင်းဟာ ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ သံသယရှိမှု၊ မသေချာမှု တို့မှလွတ်မြောက်စေခြင်းဖြစ်ပါတယ်။ ဒါကြောင့်သင်ဟာ လွတ်လပ်သူဖြစ်ချင်ပါက ရဲရင့်တဲ့ဆုံးဖြတ်ချက်တွေချရပါမယ်။ သတ္တိရှိရပါမယ်။
     ဆုံးဖြတ်ခြင်းဆိုတာ ကိစ္စတစ်ခုကို သတ္တိရှိစွာ ရင်ဆိုင်ခြင်းဖြစ်တယ်၊ သူ့မှာဟိုလိုလို ဒီလိုလိုအတွေးတွေကနေ ကင်းဝေးတယ်၊ ဘက်တစ်ဖက်မှာ ခိုင်ခိုင်မာမာရပ်တည်ခြင်းစွမ်းအားတွေရှိတယ်။ ဆုံးဖြတ်ချက်တစ်ခုဟာ အထက်သို့ဦးတည်သလို အောက်သို့လဲထိုးဆင်းသွားနိုင်ပါတယ်။ ဒါပေမယ့် မဆုံးဖြတ်ပဲနဲ့တော့ ဘယ်မှရောက်မှာမဟုတ်ပါဘူး။ ဆုံးဖြတ်ချက်ချသာ ချပါ။ မှားမှာမကြောက်ပါနဲ့။ ဆုံးဖြတ်ချက်မှားခြင်းက ဘာမှမဆုံးဖြတ်ဘဲနေသူထက် သတ္တိရှိရာရောက်ပါတယ်။ ဆုံးဖြတ်ချက်မှားမှန်းသိပါက အမှန်သို့အမြန်ပြန်ပြင်နိုင်ပါတယ်။
     ကျွန်ုပ်တို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ကျွန်ုပ်တို့သမိုင်းတွေပါပဲ။ ကျွန်ုပ်တိှု့ငယ်ငယ်ကဆိုလျှင် စာကျက်ရမှာလား၊ ဘောလုံးသွားကန်ရမှာလား ခဏ ခဏဆုံးဖြတ်ချက်ချရပါတယ်။ ဆုံးဖြတ်ချက်ချရတာလွယ်တယ် လို့တော့မထင်လိုက်ပါနဲ့ အခန့်မသင့်ရင် ကြိမ်လုံးစာမိသွားနိုင်ပါတယ်။ ဒီလိုနဲ့ ၁၀တန်းပြီးတော့ တက္ကသိုလ်တက်ဖို့ အတွက် ဘယ်တက္ကသိုလ်လျှောက်ရမယ်ဆိုတာ ဆုံးဖြတ်ချက်ချကြရပါတယ်။ လွယ်တယ်လို့တော့မထင်လိုက်ပါနဲ့ ဟိုလူ့လိုက်မေး ဒီလူ့လိုက်မေးနဲ့ ကိုယ်နဲ့အကိုက်ဆုံးကို ရွေးချယ်ရတာပါ။ ဒီနေရာတွေဟာ ဘ၀ရဲ့ကြီးမာတဲ့ အချိုးအကွေ့တွေပါ။ သတ္တိရှိရှိနဲ့ဆုံးဖြတ်ရပါတယ်။ အချို့မဆုံးဖြတ်ရဲလို့ သူများလုပ်တာလိုက်လုပ်ရင်း ကိုယ်စိတ်မပါတာဖြစ်နေလို့ မှားသွားကြပြီးအချိန်တွေ ကုန်ခဲ့ကြရပါတယ်။ ဒါဆုံးဖြတ်ချက်မချရဲတဲ့ ဆိုးကျိုးတွေပါပဲ။ ဆုံးဖြတ်ချက်မှားချမိ ရင်လဲ မှားမှန်းမသိပါက ဒုက္ခရောက်တတ်ပါတယ်။
     ဆုံးဖြတ်ချက်တစ်ခုရဲ့နောက်မှာ ဇွဲရှိမှု၊ ကြိုးစာမှူ၊ ပညာရှိမှူ၊ မနားမနေဆောင်ရွက်မှူ၊ ဆုံးဖြတ်ချက်ငယ်များဆက်တိုက်ချမှူ တွေပါဝင်ရပါတယ်။ အချို့လူအများစုက ဆုံးဖြတ်ချက်တော့ချပါတယ် ဒါပေမယ့် ခဏနေတော့ မေ့သွားကြ၊ မကြိုးစားချင်ကြနဲ့ ဆက်လက်မလုပ်ဆောင်တော့ပါဘူး၊ ပျင်းသွားကြပါတယ်။ အချို့ကဒါကို အချိန်မရဘူးလို့ပြောတတ်ကြပါတယ်။ မှန်ပါတယ် ပျင်းတာတော့လူတိုင်းပျင်းတတ်ကြပါတယ်၊ ဒါပေမယ့်ဆုံးဖြတ်ချက်ချပြီးတဲ့အတွက်ကြောင့် မဖြစ်မနေ ကိုယ့်ကိုကိုယ် အားပြန်ပေးရပါတယ်၊ ဆုံးဖြတ်ချက်တွေထပ်ချရပါတယ်၊ မနားမနေ ဆက်လက်လုပ်ကိုင်ရပါတယ်။ဒါမှကိုယ့်ရဲ့ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ ဒါကလူအတော်များများမလုပ်နိုင်တဲ့အချက်ပါ သတိပြုစရာအဖြစ်ဖော်ပြလိုက်ပါတယ်။
     ဆုံးဖြတ်ချက်ချနိုင်ရန်အတွက် သင့်ရဲ့စိတ်စွမ်းအင်ကလည်းအရေးကြီးပါတယ်။ စိတ်စွမ်းအားနဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်ခြေ ညာခြေ လိုပါပဲ၊ တွဲနေမှခရီးရောက်ပါတယ်။ ကောင်းတဲ့စိတ်တွေက ခွန်အားကြီးပါတယ်၊ မကောင်းတဲ့စိတ်တွေက ခွန်အားနဲပါတယ်။ ပရဟိတစိတ်က သန်စွမ်းပါတယ်၊ အတ္တစိတ်က ချိနဲ့ပါတယ်။ ပညာကထက်ပါတယ်၊ နုံအ မှူက တုံးပါတယ်၊ ရိုးသာမှူက အထက်တန်းကျပါတယ် ကောက်ကျစ်မှူက အောက်တန်းကျပါတယ်။ ဒါ့ကြောင့် ကောင်းတဲ့စိတ်နဲ့ အများအတွက်ကို ချင့်ချင့်ချိန်ချိန် ဆုံးဖြတ်ချက်ချပြီး ရိုးရိုးသားသားလုပ်နိုင်မယ်ဆိုရင် ထိုဆုံးဖြတ်ချက်မျိုးဟာ အလွန်တန်ဘိုးကြီးသော၊ အကျိုးရှိသော ဆုံးဖြတ်ချက်ဖြစ်မှာ မြေကြီးလက်ခတ်မလွဲပါဘူး။
     အရွယ်တွေကြီးလာသည်နှင့်အမျှ လူတွေရဲ့ဆုံးဖြတ်ချက်တွေဟာလည်း မြင့်မားလာပါတယ်၊ တာဝန်ကြီးလာပါတယ်၊ အရေးပါလာပါတယ်။ အကယ်၍ ခေါင်းဆောင်တစ်ယောက်က စစ်တိုက်မယ်၊ အနုမြူဗုံးချမယ် လို့ဆုံးဖြတ်ချက်ချလိုက်ပါက အဘယ်အထိ တာသွားမည်ဆိုတာ စဉ်းစားလို့ရနိုင်ပါတယ်။ ဘုရားအဖြစ်ကိုဆုတောင်းလိုက်တဲ့ (တနည်း) ဘုရားဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချလိုက်တဲ့ သုမေဓ ရှင်ရသေ့ကြောင့်အနန္တသတ္တ၀ါတွေ အေးငြိမ်းခဲ့ရပါတယ်။ ဒါဆို ဆုံးဖြတ်ချက်တစ်ခုရဲ့တန်ဘိုး ဆုံးဖြတ်ချက်တစ်ခုရဲ့ အနုပညာကို စာဖတ်သူတို့ ရိတ်စားမိလောက်ပါပြီ။
     အသင်စာဖတ်သူလဲ ခိုင်မာသော၊အများအကျိုးရှိသော ဆုံးဖြတ်ချက်များချနိုင်၍ ဘ၀လမ်းကိုလျှောက်လှမ်းနိုင်ပါစေ။
(မင်္ဂလာညနေခင်း)
Sunday, June 27, 2010
ကျွန်ုပ်ချစ်သော ရှင်သာရိပုတ္တရာ (၁)
     ကျွန်ုပ်ရှင်သာမဏေကျော်ရေးသောစာအုပ်ကိုဖတ်ရင်း ရှင်သာရိပုတ္တရာအကြောင်းလေးပြောချင်လို့ပါ အရင်ကတည်းက ကျွန်ုပ်ရှင်သာရိပုတ္တရာကိုကြည်ညိုပါတယ်၊ သူ့အကြောင်းကိုပိုသိလေ သူ့ကိုပိုပိုပြီးချစ်မိပါတော့တယ်။
     မြတ်စွာဘုရားသည် ဝေသာလီပြည်မှ ထွက်တော်မူပြီး သာဝတ္ထိပြည်ဘက်သို့ ခရီးဒေသစာရီ ကြွချီတော်မူလာခဲ့ရာ လမ်းခရီးအကြားမှာ ဆဗ္ဗဂ္ဂီရဟန်းတို့၏ တပည့်များက ရှေ့ကကြိုသွားပြီး နေရာထိုင်ခင်းတွေ အရင်ဦးထားလိုက်ကြတယ်။
     မြတ်စွာဘုရားတပည့်သံဃာတော်များနှင့် ခရီးဒေသစာရီ ကြွချီတော်မူရာအခါတွေဆို အရှင်သာရိပုတ္တရာက  ငါကား လက်ယာရံ အဂ္ဂသာဝက ကြီးဖြစ်တယ်လို့ တစ်ကိုယ်ကောင်းစိတ်ထာဖြင့် ဘုရားအနီးမှာ လိုက်ပါနိုင်ခွင့်ရှိသော်လည်း ထိုသို့ပြုလေ့မရှိဘဲ မြတ်စွာဘုရားဒေသစာရီ ကြွချီတော်မူရာတွင် နောက်မှချန် လိုက်ကာ နာမကျန်းသည့်ရဟန်းများ သက်ကြီးရွယ်အိုရဟန်းတို့ ချမ်းချမ်းသာသာလိုက်ပါနိုင်ရေးအတွက် ကိုယ်တော်တိုင်စီမံစောင့်ရှောက် ချီးမြှောက်ကူညီ၍ နောက်ဆုံးမှလိုက်ပါ လေ့ရှိပါတယ်။ ထိုကြောင့်အရှင်သာရိပုတ္တရာရောက်တော့နေရာမရတော့ပါဘူး။ ဒါကြောင့်တစ်ညဥ့်ပတ်လုံး သစ်ပင်ရင်း၌ သတင်းသုံးရပါတယ်။
     ဤအကြောင်းကိစ္စနှင့် ပတ်သက်၍ မြတ်စွာဘုရားသည် “ယခုသက်တော်ထင်ရှား ရှိနေစဉ်ပင် ရဟန်းများသည် အချင်းချင်း ရိုသေကျိုးနွံခြင်းမရှိကြလျှင် ငါဘုရားပရိနိဗ္ဗာန်စံလေသော်ကား အဘယ်သို့ပြုကြလိမ့်မည်နည်း ” ဟုဆင်ခြင်တော်မူကာ တရားသံဝေဂကြီးစွာ ရတော်မူပါတယ်။ နံနက်မိုးသောက်ရောက်သောအခါ ရဟန်းများကိုစည်းဝေးစေပြီးမေးပါတယ်။
     “ရဟန်းတို့ ဆဗ္ဗဂ္ဂီရဟန်းတို့၏တပည့်များက နေရာကောင်များကြိုတင်ယူ၍ မထေရ်ကြီးတို့ အိပ်ရာနေရာများကို မရအောင်တားမြစ်ကြသည်မှာမှန်သလော”။ ထိုအခါရဟန်းများကမှန်ကြောင်းလျှောက်ထားကြလေရာ မြတ်စွာဘုရားက ကဲ့ရဲ့ရှုတ်ချတော်မူပြီး “ ရဟန်းတို့အဘယ်ရဟန်းသည် နေရာဦး ရေဦး ဆွမ်းဦးကို ထိုက်ကုန်သနည်း” ဟုမေးတော်မူသောအခါ။ သံဃာများက မင်းမျိုးရဟန်း၊ ဓမ္မကထိကရဟန်း၊ ၀ိနည်းဓိုရ်ရဟန်း၊ ရဟန္တာ စသည်ဖြင့်ဖြေကြသည်။
     “ရဟန်းတို့ ငါဘုရားသာသနာတော်မှာ နေရာဦး၊ ဆွမ်းဦးကို ထေရ်စဉ်ဝါစဉ် အတိုင်းသာရ ခွင့်ရှိ၏။ ယခုအခါ၌ကား သာရိပုတ္တရာသည် ငါဘုရား၏ လက်ယာရံ အဂ္ဂသာဝကဖြစ်၏၊ ဓမ္မစက်ကိုလည်စေနိုင်သော သားကြီးဖြစ်၏၊ ငါဘုရား၏အခြားမဲ့၌ နေရာကိုရခြင်းငှာ ထိုက်တန်သူဖြစ်၏၊ ထေရ်ဝါအရလည်းကြီး၏၊ သာရိပုတ္တရာသည် လွန်ခဲ့သည့် တစ်ညဥ့်ပတ်လုံးနေရာကို မရရှိဘဲ သစ်ပင်ရင်း၌သာ စင်္ကြံသွားခြင်း၊ ထိုင်ခြင်းဖြင့် အချိန်ကိုကုန်လွန်စေခဲ့ရလေပြီ။ ချစ်သာတို့သည် ယခုငါဘုရား သက်တော်ထင်ရှားရှိစဉ်ပင် ဤသို့မရိုမသေရှိကြလျှင် ငါဘုရားပရိနိဗ္ဗာန် ၀င်စံပြီးသောအခါ၌ကား အဘယ်သို့ပြု၍ နေကြကုန်မည်နည်း” ဟုမိန့်တော်မူ၏။
     ထိုကဲ့သို့ အတ္တရပ်ဝန်းမှဝေးကွာတော်မူသော၊ သည်းခံမှုကြီးတော်မူသော ရှင်သာရိပုတ္တရာကိုလေးလည်းလေးစား၏။ ဦးလည်းညွှတ်တော်မူပါ၏။
(မင်္ဂလာညနေခင်း)
Saturday, June 12, 2010
ယမမင်း ထံ အစစ်ခံရခြင်း
၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။
၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။
ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။
၎။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။
သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။
၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။
ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။
၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။
လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။
ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။
၇။ အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။
သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။
သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။
၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။
သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။
ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။
ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။
၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။
ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။
မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။
လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။
သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။
ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။
၁ဝ။ မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။
ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။
ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။
၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။
ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။
၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။
ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်။
အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာ ကိုယ်တော် ပင့်လားကွယ်။
သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာ,နာမှ ပင့်ခဲ့တယ်။
နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။
သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။
တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။
ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။
ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက် ကွမ်းစားတယ်။
ငှက်ပျော အုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။
သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်ကိုမှ ပင့်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။
၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်။
အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်။
သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်။
သက်သတ်ခိုးမှု၊ ကာမေသု၊ တစ်ခုမကျန် ပေါက်ခဲ့တယ်။
မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။
၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်။
မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်တာတောင် ရန်ဖြစ်တယ်။
၁၅။ သည်မှတစ်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်။
ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင်လိုက်ဖူးတယ်။
၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်။
ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။
၁၇။ မာတာပိတ၊ မိနှင့် ဖ၊ ညွတ်တွား ခယ ပါလားကွယ်။
မညွတ်ခ,ဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင် ဆဲသေးတယ်။
၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်။
တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်။
စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။
၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူး ရှိလားကွယ်။
ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။
၂ဝ။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တစ်ခါလားကွယ်။
ကျွန်တော်မျိုးမှာ၊ သည်တစ်ခါ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။
၂၁။ သည်တစ်ခါ,နာ၊ အမောင်မှာ၊ ကြည်ညိုပါလားကွယ်။
တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ ပြန်ခဲ့တယ်။
မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။
၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်။
ဆွမ်း မုန့် ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။
၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာသို့ ထင်လားကွယ်။
ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။
၂၄။ ခိုသောအခါ၊ မင့်စိတ်မှာ၊ ကြည်ညိုပါလားကွယ်။
ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်။
သူရကာယ်ပင်၊ ကျိုးမမြင်၊ ဘုန်းကြီးကပင် နှမြောတယ်။
သည်လိုများပေ၊ ကျွန်တော်လေ၊ ဆိုတောင်ဆိုမိတယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။
၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ မစားမသောက် ကင်းလားကွယ်။
စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းကအနိုင် ဆင်းခဲ့တယ်။
၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်။
မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီး သောက်ခါ ပြန်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။
၂၇။ အမောင် ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်။
ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်။
ဘုန်းကြီးများထံ၊ သီလခံ၊ ကြွက်ဆူညံအောင် ပြောခဲ့တယ်။
၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်။
လယ်,ယာ,ကျွဲ,နွား၊ ပြောင်းစပါး၊ သားမယားကြောင်း ပြောခဲ့တယ်။
စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်။
စကားမဆုံး၊ တစ်နေ့လုံး၊ အုံးအုံးကြွက်အောင် ပြောခဲ့တယ်။
သည်လိုနှင့်ပင်၊ နေသာဝင်၊ အိမ်လျှင်ပြန်ခဲ့တယ်။
ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။
၂၉။ သီလပြောက်ကြား၊ စောင့်လေငြား၊ မိုးကား ကွက်ကြားရွာတတ်တယ်။
မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်။
မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်။
မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းနည်းခဲ့တယ်။
၃ဝ။ တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်။
တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။
၃၁။ မေးသောအခါ၊ မင်းစိတ်မှာ၊ ဘာဝနာလားကွယ်။
မဖြေနိုင်က၊ အရှက်ရ၊ နာမည်ပျက်အောင် မေးခဲ့တယ်။
တစ်ခါတစ်ခါ၊ ကျုပ်တို့ရွာ၊ စာ စကားသာ ပြောကြတယ်။
သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက် ရောက်မိရောက်ရာ ငြင်းကြတယ်။
ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။
၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်။
ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနှင့် ရန်ဖြစ်တယ်။
၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်။
အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
တစ်ခုကိုမျှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်။
အမောင့်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်။
မကယ်ဖြစ်တာ၊ မင်းတစ်ခါ၊ ကြမ္မာမှောက်တော့မယ်။
အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်။
သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်။
အမတ်ကြီး ဦးပေါ်ဦး။
၆ - ဒေဝဒူတသုတ် မှ၊ ဒေ၀ဒူတ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။
Wednesday, June 9, 2010
ရယ်စရာ စု-၂
သိချင်လို့
" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ "
--------------------------------------------------
ယောကျာ်းဆိုတာ
" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ ၊ အခု မမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ "
------------------------------------------------------
ဆရာ့ညွှန်ကြားချက်
" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ "
" ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "
" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် "
---------------------------------------------------------
မညာရ
တရားသူကြီးက သက်သေထွက်ဆိုမယ့်သူကို မှာတယ်။
"တရားရုံးမှာ စစ်ဆေးမေးမြန်းတဲ့အချိန် မလိမ်ညာရဘူး။ ကိုယ့်မျက်စိနဲ့
တပ်အပ်မြင်တာကိုပဲ ပြောရမယ်။ တစ်ခြားလူပြောတာကို မပြောရဘူး။ နားလည်လား!"
"ဟုတ်ကဲ့.. နားလည်ပါတယ်"
"ကောင်းပြီ... မောင်ရင်ရဲ့ မွေးနေ့နဲ့ မွေးဖွားရာဇာတိကို အရင်ပြောပါ"
"တရားသူကြီးမင်း.. ဒါကို ကျွန်တော်ပြောလို့မဖြစ်ဘူး။ အဲဒီတွေကို
ကျွန်တော့်အမေကတစ်ဆင့် ကျွန်တော်သိခဲ့ရတာမို့ပါ"
-------------------------------------------
မပြည့်စုံတာ
ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။
" ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ "
" ရွှေကို ယူမှာပေါ့ "
" ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား "
" သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ "
--------------------------------------------
တန်ဖိုးမရှိသောသူ
သူငယ်ချင်းနှစ်ယောက် အလောင်းအစားလုပ်ကြသည်။တက္ကစီကား
မှတ်တိုင်သို့ရောက်လာပြီး တစ်ယောက်က တက္ကစီကားဒရိုင်ဘာကိုမေးသည်။
``ဒီကနေ မြို့ထဲကို ဘယ်လောက်ပေးရမလဲ။´´
``နှစ်ရာ´´
``ကျွန်တော့်သူငယ်ချင်းပါ ကျွန်တော်နဲ့လိုက်မယ်ဆိုရင်ကော´´
``နှစ်ရာပါပဲ´´
``ကြားတယ်မဟုတ်လား ဘမောင်၊ မင်းဟာ ဘာတန်ဖိုးမှမရှိတဲ့အကောင်ဆိုတာ ယုံပြီလား။´´
 --------------------------------------------
သူဌေးနဲ့နွား
လူတစ်ယောက်က သူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။ သို့ကြောင့်လည်း နွားငှားရန် သူဌေး ကြီးထံစာရေးကာ တပည့်တစ်ယောက်ကိုစေလွှတ်လိုက်သည်
။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီး သည် ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။ စာမတတ်သည်ကို ရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´
 ---------------------------------------------------------
မထူးပါဘူး
လမ်းတွင် ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်မှား စီးလာသော ကလေးတစ်ဦးကိုတွေသဖြင့် လူကြီးတစ်ဦးက... `ဟေ့ချာတိတ် မင်းဖိနပ်အနီတစ်ဖက် ၊အနက်တစ်ဖက် ဖြစ်နေတယ်၊ အိမ်ပြန်လဲလိုက်အုံး´
ဟာ...အိမ်ပြန်လည်း မထူးပါဘူး ဦးဦးရာ...
`ဘာဖြစ်လို့လဲကွ`
`အိမ်မှာလည်း ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်ပါဘဲဗျာ.
 ----------------------------------------------------------------
မရှိရင်ပိုကောင်းသေး
မိန်းမဖြစ်သူသည်ယောင်္ကျား၏ ပုဆိုးအပြဲကိုချုပ်ပေးနေရင်းလှ
မ်းပြောသည်။
မိန်းမ၊ ၊`ရှင်တို့ယောင်္ကျားတွလေ ကျမတို့မိန်းမတွေမရှိရင် တော်တော်စိတ်ညစ်ရမယ်၊
          မိန်းမတွေရှိနေလို့သာရှင်တို့ ပုဆိုးတွေ၊ ဘောင်းဘီ၊အင်္ကျီတွေချူပ်ပေးမဲ့သူရှိတာ´
ယောင်္ကျား၊ ၊`အိုမရှိမဖြစ်ဟုတ်ပါဘူးကွာ၊ငါတို့ အဲဒီဘောင်းဘီ၊ပုဆိုးတွေ ၀တ်ရတာလည်း
               မင်းတို့မိန်းမတွေရှိနေလို့ကွ၊မိန်းမတွေမရှိရင် ငါတို့ဘာမှဝတ်စရာမလိုဘူးကွ´
 --------------------------------------------------
အမွေဆက်ခံမိလို့
" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့ လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ "
---------------------------------------
မေမေ့တာဝန်ထားလိုက်
" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ "
---------------------------------------
(from forward mail)
Saturday, June 5, 2010
နှင်းဆီပွင့်
လယ်တောကပြန်
ပန်ချင်တယ်ခရေဖူးဆိုလို့ 
မောင်ခူးကာပေး။
မနက်တုန်းဆီက၊
ကြော့ဆုံးကိုမောင်မြင်တော့၊
သူ့ ဆံပင် နှင်းဆီပွင့်တွေနဲ့ ၊
ဂုဏ်တင့်တယ်လေး။ ။
(မင်းသုဝဏ်)
Friday, June 4, 2010
e-break
     ကျွန်ုပ်တို့အလုပ်တွေမှာ
အလုပ်လုပ်ချိန်အတွင်း 
အလုပ်သမားတွေဆက်တိုက်
အလုပ်လုပ်ပါက
ပျင်းရိလာတတ်ကြပါတယ်။
ဒါ့ကြောင့်အနားပေးတဲ့အနေနဲ့ မိနစ်၂၀ လောက် tea break ပေးလေ့ရှိပါတယ်။ အဲဒီလိုပဲ ကျွန်ုပ်တို့အလုပ်ဆက်တိုက်လုပ်ပါက အာရုံစုစည်းမှုတွေအားနဲလာတတ်ကြပါတယ်။ ဒီအချိန်မှာ Internet ပေါ်မှာ ကိုယ်စိတ်ဝင်စားရာလေးတွေကို မိနစ်၂၀လောက်ရှာဖွေကြည့်ရှုသင့်ပါတယ်။ အဲဒီအချိန်လေးကို e-break လို့သတ်မှတ်ပေးရင်ဖြင့် ကျွန်ုပ်ညီအကို မောင်နှမတွေအနေနဲ့ စိတ်ဆိုးလိမ့်မှာမဟုတ်ဘူးလို့ထင်ပါတယ်။
     ဒီအတွက် Melbourne University က လေ့လာရှာဖွေတွေ့ရှိချက်တွေရှိပါတယ်။ Internet ကိုအလုပ်လုပ်ရင်း အချိန်ခဏယူပြီး ကိုယ်စိတ်ဝင်စားရာ ရှာဖွေကြည့်ရှုခြင်းသည် လူ့တွေရဲ့အာရုံကိုပိုမိုစုစည်းနိုင်ရုံသာမက ထုတ်လုပ်မှုစွမ်းရည်ကိုလည်းတိုးတက်စေပါတယ်လို့ဆိုပါတယ်။ နောက်ပြီး Dr Brent Coker (University's Department of Management and Marketing) က Internet ဟာလူတွေရဲ့စိတ်အာရုံကိုမိနစ်၂၀ အတွင်းပြန်လည်စုစည်းအောင်လုပ်နိုင်တဲ့ကုသနည်းတစ်ခုပါလို့ဆိုပြန်ပါတယ်။ ဒါ့ကြောင့်ကျွန်ုပ်တို့ အလုပ်လုပ်ရင်း စိတ်စုစည်းမှုနဲနေပြီ၊ စိတ်ဝင်စာမှုနဲနေပြီဆိုရင်တော့ Internet ထဲကို မိနစ်၂၀ လောက် သူဌေးအချိန်ထဲကနေပြီး အလည်ထွက်လိုက်ကြရအောင်လားဗျာ။
(မင်္ဂလာညနေခင်း) RD
ငါ
ငါ့ မှာလည်း ငါ ၊ သူ့ မှာ ငါနှင့်
ငါ့ ငါ သူ့ ငါ ၊ တွေ့ ကြခါဝယ်
ငါ နှင့် ငါ ချင်း ၊ ငါ စစ်ခင်းလျက်
ပူပြင်းလျှံရဲ ငါ ပေါက်ကွဲ၏ ။
ငါ ဒုက္ခပေး ၊ ငါ မအေး၍
ငါ အေးရကြောင်း ၊ ခွင့်ခါ ချောင်းလျက်
ငါကောင်းကို ရှာ ၊ ငါဆိုး ခွာသော်
ကွာလေသည် သို့ ၊ ဖြစ်သမြို့ လည်း
ခေါင်းလျှို ကိုယ်ခွေ ၊ ပခြုပ်ဗွေ၌
ငန်းမြွေ မခြား ၊ နှဲသံ ကြားလျှင်
ပါးပျဉ်း ထောင်လျက် ငါသည်ထွက်၏ ။
အို – ဖွားဖက် ငါ ၊ အသင် ငါနှင့်
ငါ မလျှော့တမ်း ၊ အားအင် စမ်းအံ့ ။
အစွမ်း သာသူ ၊ ပန်းဆွတ်ယူလိမ့် ။
ငါမူ ငါ့ကို အောင်မည်လော။ ။
ငါ့ကို ငါက အောင်မည်လော။ ။
(မင်းသုဝဏ်)
Wednesday, June 2, 2010
သင်သေသွားသော်
ဪ…လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။
(ဇော်ဂျီ)
စွန့်လွှတ်ခြင်း အနုပညာ
     ကျွန်ုပ်တို့မြန်မာလူမျိုးအများစုဟာ အလှူအတန်း ရက်ရောတတ်ကြပါတယ်။ တစ်နည်းအားဖြင့်စွန့်ကြဲခြင်း လို့ခေါ်ရင်လဲမှားမှာမဟုတ်ပါဘူး။ ကျွန်ုပ်စိတ်နဲ့မတည့်တဲ့ အချို့အလှူတွေ တွေ့ဘူးပါတယ်။ ဒါ့ကြောင့်တွေးမိတယ်ဗျာ သူတို့လှူကော လှူတတ်ကြရဲ့လားလို့ ? ဘာအတွက်လှူနေတာလဲလို့ ? ကျွန်ုပ်ဒီနေရာမှာနိဗ္ဗာန် ရောက်ကြောင်းတွေကိုပြောမှာမဟုတ်ပါဘူး။ဒါတွေဒီမှာပြောဘို့အလှမ်းဝေးလှပါသေးတယ်။ ကျွန်ုပ်ပါတ်ဝန်းကျင်မှာတွေ့ဘူးပါတယ်။ အတော်လည်းပိုက်ဆံရှိပါတယ်။ လူအများကပြောကြတယ် သိပ်အလှုရက်ရောတာ တဲ့။ နှစ်စဉ်နှစ်တိုင်းလည်း ငွေသိန်းပေါင်းများစွာလှူနေပါတယ်။ဒါလည်းတွေ့ရပါတယ်။တစ်နေ့ သူ့ရဲ့အလုပ်သမားလေး နဲ့စကားပြောနေတာ ကြားရတယ်။ အလုပ်သမားလေးက ငွေချေးတာပါ။ သူ့အမေနေမကောင်းလို့ဆေးရုံတက်နေရလို့ ပိုက်ဆံချေးပါတဲ့။ သူ့ပိုက်ဆံကိုလခထဲကပြန်ဖြတ်ဘို့တောင်းပန်နေပါတယ်။ ဒါပေမယ့် အဲဒီလူကိုပိုက်ဆံမချေးခဲ့ပါဘူး။ ဒါတစ်ခုတည်းတော့မဟုတ်ဘူး လာတောင်းရမ်းတဲ့လူတွေလဲ ငေါက်ငေါက်ထုတ်တာတွေ့ရတယ်ဗျာ။တကယ်ဆိုသူနှစ်စဉ်လှူတဲ့ငွေတွေနဲ့ နှိုင်းရင် ဒီငွေကမပြောပလောက်ပါဘူး။ တကယ့်ကိုနည်းနည်းလေးပါ။ သူဒီလောက်လေးတောင်မှ သူ့အလုပ်သမားလေးအပေါ် ၊ဆင်းရဲသားတွေအပေါ် သဒ္ဓါတရားလေးမရှိရင် သူလှူနေတဲ့သိန်းပေါင်းများစွာ၊ လူသိရှင်ကြား ခမ်းခမ်းနားနားဖိတ်ခေါ် ကြွေးမွေးနေတဲ့သူ့အလှူအပေါ် ကျွန်ုပ်သံသယရှိတယ်လို့ပြောရင် စာဖတ်သူက ကျွန်ုပ်ကိုလွန်တယ်လို့ပြောမယ်မထင်ပါဘူး။ ဘာအတွက်လှူတာလဲ?
     ကျွန်ုပ်ခံယုံကြည်ချက်က စွန့်ကြဲတာနှစ်မျိုးပဲရှိတယ် (အများခေါ်က လှူတယ်ပေါ့ဗျာ)။
၁။ သနားလို့ပေးတာ
၂။ ချစ်လို့ပေးတာ
     ဆင်းရဲတဲ့သူ၊ လိုအပ်တဲ့လူ၊ ချို့တဲ့သူ တွေကိုပေးတဲ့အခါ ဘာမှမမျှော်လင့်ပါဘူး သူတို့တွေအဆင်ပြေရင်ကျွန်ုပ်လဲ ကျေနပ်ပါတယ်။ ကျွန်ုပ်သူတို့ဆီကမျှော်လင့်တာ တစ်ခုပဲရှိပါတယ်၊ သူတို့အဆင်ပြေ စိတ်ကျေနပ်မှုပါပဲ။ ဒီထက်ပိုပြီးဘာမှမမျှော်လင့်ပါဘူး။ ကျွန်ုပ်လှူတာကိုသူများကိုပြောခဲပါတယ်။ဒါပေမယ့် သူများတွေသိပါစေ ကျွန်ုပ်လိုမျိုးပေးနိုင်ပါစေဆိုပြီး ခင်ခင်မင်မင်ရှိရင်တော့ပြောလေ့ရှိပါတယ်။ မရင်နှီးသူသွားပြောရင်ကိုယ်ရည်သွေးရာရောက်မှာစိုးလို့ပါ။ အများအတွက်လုပ်တာ မကောင်းတာတော့မရှိပါဘူး။ လောကအရကြည့်ရင်တော့ လိုအပ်သူတွေအတွက် ဖြည့်ဆည်းရာရောက်လို့ လောကကိုသာယာအောင်လုပ်တာပါပဲ။ ဒီလိုလုပ်တဲ့သူတွေကိုကျွန်ုပ်က အမြဲလေးစားပါတယ်။
     ချစ်လို့လှူတယ်ဆိုတာက ကျွန်ုပ်ဆို မိဘကိုချစ်ပါတယ်။ မိဘအတွက်တစ်ခုခုစားစရာဝယ်လာပြီး မိဘကိုကျွေးတာဟာလဲ တစ်နည်းပြောရရင် ပေးကမ်းတာပါပဲ။ သူတို့ဆီကဘာမှလိုလို့မဟုတ်ပါဘူး။ဒါတော့သားသမီးတိုင်းခံစားမိမှာပါ။ နောက်တစ်ခုက ဘုရား ရဟန်းသံဃာတွေကြောင့် ကျွန်ုပ်မှာအသိတွေတိုးလာရပါတယ်၊ တရားတွေနာရပါတယ်၊ ယဉ်ကျေးလာပါတယ်၊ စိတ်နေစိတ်ထားတွေ ပြောင်းလဲလာပါတယ်၊ သဘောထားတွေရင့်ကျက်လာပါတယ်။သူတို့ဟာကျွန်ုပ်အတွက်တော့ ကျေးဇူးရှင်တွေပါ။ သူတို့ကိုတကယ် ကျွန်ုပ်ချစ်ပါတယ်၊ မြတ်နိုးပါတယ်၊သူတို့ရဲ့အကျင့်တွေကြောင့်သူတို့ကိုကျွန်ုပ်တန်ဖိုးထားလေးစာရပါတယ်။ ဒါကြောင့်သူတို့ကို လှူပါတယ်။ သူတို့ကိုလှူတာ နိဗ္ဗာန်ရောက်ခြင်လို့ဘာလို့ ကျွန်ုပ်စိတ်ကူးဘို့လက်လှမ်းမမှီပါဘူး။    
     ဒါနဲ့တစ်ခုသွားသတိရတယ် စင်္ကာပူမှာစာပေဟောပြောပွဲ
လုပ်တုန်းက ဂျူးပြောတာလေး။ American က Essay တွေထဲကမေးခွန်းလေးပါတဲ့။ မှတ်မိသလောက်လေးပြောပြပါ့မယ်။
     တစ်နေ့အသက်ခပ်ကြီးကြီးလူတစ်ယောက် ကားမောင်းလာပါတယ်။သူဒီနေ့သူရဲ့ ပင်စင်ယူတဲ့နေ့ပါ။ သူစဉ်းစားရင်းကားမောင်းလာပါတယ်။ သူတစ်သက်လုံးစုဆောင်းခဲ့တာဆိုလို့သူပိုင်တဲ့ဒီကားလေးပဲ အဖတ်တင်တယ်တဲ့။ သူ့ကားလေးကို သူလမ်းလျှောက်နေကြ ရထားလမ်းဟောင်းလေးပေါ်မှာရပ်ရင်း သူရထားလမ်းတလျှောက် လမ်းလျှောက်လာပါတယ်။ ဒီကားလေးနဲ့သူဝင်ငွေရှာပြီးသူ့ဘ၀လေးကို သူသေတဲ့အထိ နေသွားမယ်ပေါ့။ သက်ပြင်းလေးချရင်းလမ်းလျှောက်နေလိုက်တာ အတော်ဝေးဝေးရောက်နေပါပြီ။ ဒီအချိန်မှာသူမြင်ကွင်းထဲ အထူးအဆန်း ရထားတစ်စီးလာနေပါတယ်။သူစဉ်းစားနေပါတယ် ဒီနေရာကရထားလာတာတစ်ခါမှမကြုံဖူးပါဘူး။ ဒီအချိန်မှာရထားကသူနဲ့ခပ်နီးနီးကိုရောက်နေပါပြီ။ ရထားသွားမဲ့လမ်းကြောင်းကိုကြည့်လိုက်တော့ သူမျက်လုံးပြူးသွားပါတယ်။ ရထားလမ်းပေါ်မှာလေးဘက်သွားတတ်စ ကလေးလေးတစ်ယောက်ထိုင်ရင်းဆော့နေတာသူတွေ့ရတယ်။ ဒါနဲ့သူဘာလုပ်ရမလဲစဉ်းစားတယ် ပြေးသွားပြီးကယ်ရအောင်ကလည်း ရထားနဲ့ယှဉ်ပြီးသူပြေးဘို့မမှီ ပါဘူး။ သူဘာလုပ်ရမလဲ ရှာကြည့်ရင်း သူနဲ့မလှမ်းမကမ်းမှာ ရထားလမ်းလွှဲတံတစ်ခုတွေ့ပါတယ် အဲဒါကိုသူပြေးသွားဆွဲရင်တော့မှီပါတယ်။ဒါနဲ့ သူပြေးသွားပြီးမောင်းတံကိုကိုင်လိုက်ပြီး ဆွဲဘို့ပြင်လိုက်ပါတယ်။ ဒီအချိန်သူတစ်ချက်စဉ်းစာလိုက်တယ်။ ဒီရထားကိုလမ်းလွှဲလိုက်ရင် ရထားဘယ်ကိုသွားမှာလဲ။ သူမျက်လုံးပြူးရပါပြီ ဒီရထားသွားမှာက သူ့ကားလေးရှိရာကိုပါ။ ဒီကားကသူ့ရဲ့ဘ၀ပါ။ သူ့မှာပိုင်ဆိုင်တာဆိုလို့ ဒီကားလေးပဲရှိပါတယ်။ အာမခံကြေးလဲသူ့မှာ အပြည့်အ၀မရှိပါဘူးတဲ့။
     ဒီဇာတ်လမ်းလေးကဖန်တီးထားတာပါ။ တကယ်မဟုတ်ပါဘူးတဲ့။ သင်စာဖတ်သူလဲဒီနေရာမှာဆိုရင်ဘာလုပ်မလဲ ? ကလေးကိုကယ်လိုက်မှာပေါ့လို့ စကားကိုလွယ်လွယ်မပြောပါနဲ့။ သေချာစဉ်းစားပြီးမှပြောပါ။ ဒီကလေးရဲ့အသက်ကို စည်းစိမ်အဆုံးရှုံးခံပြီးကယ်မည့်သူဆိုရင် သင့်ကိုယ်သင်စဉ်းစာပါ။ သင်ကလေးဘယ်နှယောက်ကို ယခင်က ကယ်ခဲ့ဘူးသလဲ? ကလေးတွေအတွက် သင်လှူခဲ့ဘူးပါသလား?။ သင့်စည်းစိမ်ကိုထားပါအုံး သင့်ဝင်ငွေထဲက ၁၀% လောက်ကိုပဲ ကလေးတွေအတွက်လှူဘူးပါသလား?။
   သင်ဖြေရခက်နေပြီလား? တစ်ချို့ကိစ္စတွေကလွယ်လွယ်ပြောလို့မရပါဘူး။ သင့်ပိုင်ဆိုင်မှုကို အဆုံးရှုံးခံပြီး၊ စွန့်လွှတ်ပြီး ကလေးတစ်ယောက်ကို သင်ကယ်မည့်သူဆိုရင်တော့ ကျွန်ုပ်ပြောလိုက်ပါရစေ သင့်ကိုကျွန်ုပ်လောကအစား ရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်၊ လေးလဲလေးစားပါတယ်။
     အားလုံးပဲ မြင့်မြတ်တဲ့စွန့်လွှတ်ခြင်းတွေ တတ်နိုင်သမျှထားနိုင်ကြပါစေလို့ဆုတောင်းလျှက်။
(မင်္ဂလာညနေခင်း)
Sunday, May 30, 2010
တို့တိုင်းပြည်
ထလော့မြန်မာ၊ အိုမြန်မာတို့၊
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
စေတီစပါး၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
ယာစကာမျိုး၊ တညှိုးညှိုးနှင့်၊
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား၊
လှည့်လည်သွားလျက်၊
မစားလေရ၊ ဝမ်းမဝ၍၊
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့၊
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်၊
သီးနှံချိုပျား၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
မြင်သာမြင်ရ၊ မစားရ၍၊
တောကပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျှော့လုံ့လ၊
သူကစ၍၊ ငါကအားလုံး၊
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်၊
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့၊
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ၊
ဤယာစပါး၊ ဘယ်သူ့စပါးလဲ၊
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း၊
ဥာဏ်ရှေ့ပန်း၍၊
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။ ။
(ဇော်ဂျီ)
(၁၉၃၅ ခုနှစ်၊ ဩဂုတ်လ ကြီးပွားရေးမဂ္ဂဇင်း အတွဲ – ၃၊ အမှတ် – ၁၁။) (PomesCorner)
ခံတွင်းနံ့သင်းပျံ့စေရေး
     လူတိုင်းခံတွင်းနံ့သင်းနေတာကိုကြိုက်ကြပါတယ်။ ခံတွင်းနံ့နံရင် ဘယ်သူမှကြိုက်ကြမှာမဟုတ်ပါဘူး အားနာလို့မပြောရင်သာရှိရမယ်။ ကိုယ့်ကြောင့်သူများစိတ်အနှောက်အယှက်ဖြစ်သွားရင်လည်း ဒါမကောင်းပါဘူး။ ကျန်းမာရေးအတွက်လဲ ခံတွင်းသန့်ရှင်းရေးဟာအရေးပါပါတယ်။ ဒါ့ကြောင့်ဒီ Post ကလေးကိုတင်လိုက်ရတာပါ။
     ခံတွင်းနံ့ထွက်ခြင်းအကြောင်းအရင်းများစွာရှိပါတယ် လည်ချောင်းရောဂါရှိရင်လဲဖြစ်တတ်ပါတယ်၊ နှာခေါင်းရောဂါကြောင့်လည်းဖြစ်တတ်ပါတယ်၊ သွားဖုံး ရောဂါကြောင့်လည်းဖြစ်တတ်ပါတယ်။ ဒါတွေဖြစ်ပြီဆိုရင်တော့ ဆရာဝန်နဲ့သာအမြန်စစ်ဆေးသင့်ပါတယ်။
     Canada နိုင်ငံ Toronto မှာရှိတဲ့ Fresh Breath Clinic မှာလေ့လာရေး Director အဖြစ်အလုပ်လုပ်နေသော Anne Bosy ကပြောပါတယ်။ ခံတွင်းနံ့နံ ခြင်းရဲ့အဓိကပြဿနာက ခံတွင်းမှာရှိတဲ့ Bacteria တွေကြောင့်ဖြစ်ပါတယ်တဲ့။ သွားတွေကိုအစာစာပြီးတိုင်းစင်ကြယ်အောင်မဆေးရင် Bacteria တွေပေါက်ပွားပြီး ခံတွင်းနံ့ နံပါလိမ့်မယ်။ ဒါ့ကြောင့်အစာစားပြီးတိုင်း ပလုပ်ကျင်းသင့်ကြောင်း၊ တစ်နေ့သွားနှစ်ခါတိုက်သင့်ကြောင်း သွားဆရာဝန်တွေက သတိပေးခြင်းဖြစ်ပါတယ်။ သွားတွေမှာကျောက်တည် ပြီဆိုရင်လည်းခံတွင်းနံ့ထွက်ပါတယ်၊ အဲဒီကျောက်တွေမှာ Bacteria  တွေရှိနေပါတယ်။ ကျောက်တွေကိုရှင်းလင်းသင့်ပါတယ်။ အိပ်ခါနီးမှာ ခံတွင်းသန့်ဆေးရည်(MouthWash)နဲ့ ပလုပ်ကျင်းပြီး အိပ်ခြင်းကလည်း ခံတွင်းကိုသန့်ရှင်းစေပါတယ်။အဲဒီ Mouthwash နဲ့ဆေးပြီးရေနဲ့ ပလုတ်မကျင်းပါနဲ့တော့ ဒီတိုင်ထားပြီးအိပ်ရာဝင်ပါလို့ သွားဆရာဝန်တစ်ယောက်က ညွှန်ကြားပါတယ်။
     သွားတိုက်ရာမှာလည်းစိတ်ရှည် လက်ရှည်အချိန်ယူပြီးတိုက်ရပါတယ်။ အများစုက အိပ်ခါနည်းမြန်မြန်တိုက်လေ့ရှိတတ်ကြပါတယ်။ အိပ်ခြင်နေလို့ဖြစ်တတ်ပါတယ်။ ဒါဟာမလုပ်သင့်ပါဘူး။ သွားတိုက်ရင်လည်းနည်းမှန်လမ်းမှန်တိုက်သင့်ပါတယ်။ သွားတွေမပျက်စီးအောင်ပေါ့။
      သွားတိုက်နည်းလေးကိုတော့ ဒီ Link မှာကြည့်နိုင်ပါတယ်
http://www.youtube.com/watch?v=ACgPHDzTHaU&feature=channel
     အားလုံးခံတွင်းနံ့သင်းပျံ့ပြီး ကျန်းမာပျော်ရွှင်ကြပါစေ။
 (မင်္ဂလာညနေခင်း)
Saturday, May 29, 2010
မျက်စိ၊မြင်ခြင်း
     အရာဝတ္ထုတစ်ခုကိုမြင်ရန် အကြောင်းအရာတွေရှိပါတယ်။ ပထမဦးဆုံး အလင်းရောင်ရှိရပါတယ်။ အလင်းရောင်မရှိရင် အရာဝတ္ထုတွေရှိနေလည်းမမြင်ရပါဘူး။ မီးပျက်နေသလိုပေါ့။ ဒုတိယအချက် မျက်စိအမြင်ရှိရပါတယ်။ ဒါကတော့ရှင်းပါတယ်။ မျက်စိကန်းနေရင် မမြင်ရဘူးပေါ့။ တတိယအချက် အာရုံစူးစိုက်မှုရှိရ ပါတယ်။ သတ္တိမမူရင် ဂူတောင်မမြင်ပါဘူး။
     မြင်ရတဲ့အရာတိုင်းဟာ တကယ်ရှိနေတာလား ? ။ ဟာ့မြင်နေမှပဲ ရှိတာပေါ့လို့ပြောစရာရှိပါတယ်။ တကယ်တော့ မြင်ရတဲ့အရာတိုင်းဟာရှိခြင်မှရှိတော့မှာပါ။ သင်တို့ကြားဘူးကြပါလိမ့်မယ် ကောင်ကင်မှာကြယ်တွေရှိတယ် အချို့ကြယ်တွေဟာ အလင်းသွားရင်တောင် အလင်းနှစ်တော်တော်ကြာပါတယ်။ ဥပမာ-အလင်းနှစ်တစ်နှစ်အကွာအဝေးမှာရှိတဲ့ကြယ် ပျက်သွားပြီဆိုကြပါစို့။ ဒါပေမယ့် လူတွေဟာအဲဒီကြယ်ကို အလင်းနှစ်တစ်နှစ်ကြာသည်အထိမြင်နေရပါသေးတယ် ဘာလို့လဲဆိုတော့ အဲဒီကြယ်ပျက်သွားသော်လည်း သု့အလင်းကရှိနေသေးလို့ပါ။အလင်နှစ်တစ်နှစ်ကြာမှပျောက်သွားမှာပါ။ ဒါကြောင့် မြင်တိုင်းလဲ ရှိတယ်မထင်ကြပါနဲ့။
     ရေဒီယိုလှိုင်းတွေကို သင်တို့မြင်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီလှိုင်းတွေလေထဲမှာရှိတယ်ဆိုတာ လူတိုင်းနီးပါးသိကြပါတယ်။ ဒါကြောင့်မမြင်တိုင်းလဲ မရှိဘူးမထင်လိုက်ပါနဲ့။
     ပညာဟာတော်တော်အရေးကြီးပါတယ်။ ပညာသာလျှင်အကျိုးအကြောင်းခွဲခြားသိနိုင်လို့ပါ။ ဒါကြောင့် အနောက်တိုင်းသားတွေကပြောကြတယ် (Knowledge is GOD).
*A light-year is equal to: 9,460,730,472,580.8 kilo meter (Wikipedia)
(မင်္ဂလာညနေခင်း)
မိုးတိမ်ဘာ့ကြောင့်မဲရတယ်
     မိုးဆိုတာ ရေတွေပါ။ ရေရဲ့အရောင်ဟာ ကြည်လင်တဲ့အရောင်ရှိပါတယ်။ မိုးတိမ်ဆိုတာ ရေတွေနဲ့ဖွဲ့စည်းထားတာပါ။ဒါ့ကြောင့် မိုးတိမ်တွေဟာကြည်လင်သင့်ပါတယ်။ ယုတ္တိ နည်းအရတွေးရင် မိုးတိမ်တွေဟာကြည်လင်ရမှာအမှန်ပါ။ ဒါပေမယ့် လူတိုင်းသိပါတယ်၊ မြင်ဘူးကြပါတယ် တကယ့်ရွာခါနီးမိုးတိမ်တွေဟာအမဲရောင်ဖြစ်နေကြပါတယ်။ ဘာကြောင့်လဲ ? ။
     တိမ်ထဲမှာရှိတဲ့ ရေအမှုန်အမွှားတွေဟာသေးငယ်စဉ်ကာလအတွင်းမှာ အလင်းရောင်တန်ပြန်မှုများပါတယ်၊ ဒါကြောင်လူတွေဟာ အဖြူရောင်လို့မြင်ရတာပါ။ ဒါပေမယ့် ရေအမှုန်အမွှာတွေကြီးလာပြီ မိုးရွာချနိုင်လောက်ပြီဆိုရင်တော့ ဒီမိုစက်တွေဟာအလင်းရောင်ကိုစုပ်ယူထားလိုက်ကြပါတယ်။ ဒီအချိန်မှာလူတွေဟာ အလင်းရောင်မြင်မှုနည်းသွားကြပြီး အမဲရောင်ကိုမြင်ကြရပါတယ်။
(မင်္ဂလာညနေခင်း) (RD)
ရယ်စရာ စု-၁
ဘယ်မှာလဲ
လုတယောက်က အလွန်အမင်း သွားကိုက်နေတယ်..သူ့ကို အိမ်နီးချင်း လူတယောက်က ပြောတယ်..
`ကျွန်တော်ကတော့ဗျာ..သွားနာနေတုန်းက ကျွန်တော့်မိန်းမက အာဘွားပေးလိုက်တာ တခါတည်းကို
သက်သာသွားေ၇ာဗျို့..ခင်ဗျားလဲ အဲ့လို လုပ်ကြည့်ပါလား´
သွားကိုက်နေတဲ့လူ ၀မ်းသာအား၇ မေးတယ်..
`ဟာ..ဟုတ်လား..ခု ခင်ဗျားမိန်းမ ဘယ်မှာလဲ´
-----------------------------------------------------------------------------
မငြင်းတော့ပါဘူး
ကျောင်းတွင် ဆ၇ာက ကလေးတယောက်ကိုမေးသည်..
`ကမ္ဘာကြီးက ဘယ်လိုပုံ၇ှိသလဲကွ´
ကလေးက မဆိုင်းမတွ ဖြေသည်..
`လုံးတယ် ဆ၇ာ´
´ကမ္ဘာကြီးလုံးကြောင်း ဘယ်လို သက်သေပြနိင်သလဲ´
ကလေးက ခဏတိတ်သွားပြီး ပြန်ဖြေသည်..
`ဆ၇ာပြားတယ် ထင်၇င်လဲ ထားလိုက်ပါတော့ ဆ၇ာ..ကျွန်တော် ဆ၇ာနဲ့ ပြိုင်မငြင်းချင်ပါဘူး။
----------------------------------------------------------
ဒီနေရာမှဟုတ်ရဲ့လား
တခါက ဘု၇ားကျောင်းတခုမှာ နှစ်ခြင်းခံယူပွဲ လုပ်နေတယ်..ဘုန်းတော်ကြီးက
နှစ်ခြင်းခံမယ့် လူ၇ဲ့ခေါင်းကိုေ၇ကန်ထဲ ဆွဲနှစ်လိုက်ပြီး မေးလိုက်တယ်..
`ယေ၇ှုခ၇စ်စ်ကို မြင်ပြီလား´
အနှစ်ခံ၇တဲ့လူ ၀ူးဝူးဝါးဝါးနဲ့ ခေါင်းမော့ပြီးပြန်ဖြေတယ်..
`ဟင့်အင်း´
ဘုန်းတော်ကြီးက နောက်တခါထပ်နှစ်တယ်..ထပ်မေးတယ်..
`ယေ၇ှုခ၇စ်စ်ကို မြင်ပြီလား´
ဟိုလူကလဲ ၀ူးဝူးဝါးဝါးနဲ့ ပြန်ဖြေတယ်..
`ဟင့်အင်း`
ဘုန်းတော်ကြီးက ယေ၇ှုခ၇စ်စ်ကို မမြင်မချင်း ခေါင်းကိုေ၇ထဲ ဆွဲဆွဲနှစ်ပြီးမေးတယ် ..ဟိုလူကလဲ
မမြင်ဘူး..ေ၇ပဲမွန်းလာတယ်.. ကြာလာတော့ အဲဒီလူ ဒေါသထွက်ပြီး
ဘုန်းတော်ကြီးကို ပြန်မေးလိုက်တယ်..
`ခင်ဗျားယေ၇ှုေ၇နစ်သွားတာ ဒီနေ၇ာမှ ဟုတ်၇ဲ့လား´
(from forward mail)
Friday, May 28, 2010
လမ်းခုလပ်မှာ မောပန်းသူတွေတွေ့ရ
ဘေးထွက်ထိုင်နေကြ
သွေးသံရဲရဲ နှုတ်ခမ်းတွေလှုပ်လျှက်
စာလောင်သောလက်တွေဆန့်ထုတ် 
အချိန်အမျှင်တွေ ကြားမှာငြိထွေး
ဘယ်မှာလဲ စာလောင်ခြင်းကင်းမဲ့ဇုံ
ခြေရာထပ်ခဲ့တဲ့ မှတ်တိုင်တွေပြန်တွေ့ရ
နားလည်လို့မရတဲ့ စာတစ်မျက်နှာ
ချိန်သီးတစ်ခုပေါ်လမ်းလျှောက်သွားရင်း
အော်ပြောသံမကြားရတဲ့ ရထားတစ်စီး
ဒဲ့ပြောရရင်
(မင်္ဂလာညနေခင်း) (created in Jan,2008)
Wednesday, May 26, 2010
ကျွန်ုပ်နှင့် 3D
     တစ်နေ့ရုံးဆင်းခါနီး၅း၃၀လောက်သူငယ်ချင်းတစ်ယောက်ကကျွန်ုပ်ထံသို့ဖုန်းဆက်လာပါတယ် ဒီနေ့အားလားတဲ့ ကျွန်ုပ်ကလည်းရုံးဆင်းခါနည်းဆိုတော့တက်ကြွစွာနဲ့ပြန်ပြောလိုက်တယ် “ဟေးငါ ရုံးဆင်းတော့မယ်ကွ”။ ဒီအချိန်မှာသူငယ်ချင်းက ရုပ်ရှင် သွားကြည့်ရန်ပြောပါတော့တယ်။ ကျွန်ုပ်ကိုယ်တိုင်ဆို ရုပ်ရှင်ကြိုက်သော်လည်းပဲ ရုံမှာသွားကြည့်ခဲပါတယ် ဈေးကြီးတာလည်းတစ်ကြောင်း၊ အချိန်မရတာလည်းပါတာပေါ့။ Singapore မှာက ရုပ်ရှင်တစ်ကားကို ၁၂ ဒေါ်လာဝန်းကျင်လောက်ပေးရတယ်။ ဒီနေ့တော့အားနေတာလည်းပါ သူငယ်ချင်းကလည်းအဖော်ကောင်းနေတော့ စိတ်ဝင်စားသွားတယ် “ဘာကားလည်းကွ“ လို့မေးရင်း ရုံးကနေပြီး ကားမှတ်တိုင်စီကိုထွက်လာနေပါပြီ။ “ အခုမှထွက်တဲ့ နံမည်ကြီး Avatar 3D ကားလေကွာ” လို့ပြောလိုက်တာကို ဖုန်းထဲမှနားထောင်ရင်း 3D ဆိုတဲ့အသံက ကျန်ုပ်ခြေလှမ်းများကို ရပ်တန့်သွားစေပါတယ်။ “အေးကွာ ဒါဆိုကြည့်ကြရအောင်၊ ဒါနဲ့ မင်းထမင်းစားပြီးပြီလား” လို့ကားမှတ်တိုင်မှာရပ်ရင်းမေးလိုက်တယ်။ “မစားရသေးဘူးကွ အတူတူစားကြရအောင်”ဟုပြန်ပြောရင်း နှစ်ဦးသဘောတူ Jurong Point မှာချိန်းလိုက်ကြပါတော့တယ်။
     3D ဆိုလို့ပြောရအုံးမယ် ရန်ကုန်မှာနေတုန်းက 3D ကားဆိုပြီး တိရိစ္ဆာန် ရုံမှာကြည့်ဘူးပါတယ်။ ကြာပါပြီ ဒီအချိန်နဲ့တွက်ရင် ၁၂ နှစ်လောက်ရှိပြီ စဉ်းစာသာကြည့်တော့ဘယ်လောက်ကြာပြီလည်းလို့။ အဲဒီတုန်းက တစ်ကားကို ၁၅ကျပ်နဲ့ကြည့်ဘို့ တန်းအရှည်ကြီးစီရတယ်။ တစ်ကားကို ၁၅မိနစ်ပဲပြတာ ရုပ်ရှင်မဟုတ်ဘူး ပင်လယ်ရေအောက်ရှုခင်းရယ်၊ စကြာဝဋ္ဌာရှုခင်း တွေရယ် ၂ကားကြည့်ခဲ့တယ်။ အဲဒီ 3D ကားကိုကြည့်ရင်မျက်မှန်တပ်ရတယ်။ အ၀င်မှာကော်မျက်မှန်လေးတွေဝေပေးတယ်။ အဲဒီမျက်မှန်တပ်ကြည့်မှ ရုပ်ပုံလေးတွေကြွတက်လာတာတွေ့ရတယ်။ တော်တော်ကြည့်လို့ကောင်ခဲ့တယ်။
     ဒါကြောင့် 3D ရုပ်ရှင်ဆိုတော့တော်တော်လေးကောင်းမှာပဲလို့ထင်တယ်၊ အသစ်အဆန်းကြည့်ချင်တဲ့ ရောဂါကလည်း ငယ်ရာပါရောဂါဆိုတော့ တော်တော်ကျွမ်းနေပြီလေ။ နမူနာ ကြေငြာတဲ့ဇာတ်ကွက်ကလဲ TV မှာကြည့်ထားတာဆိုတော့ ပိုလို့တောင်ဆိုးပြီပေါ့။
     ဒီလိုနဲ့ Jurong Point ကိုရောက်လာပါတော့တယ်။ သူငယ်ချင်းနဲ့တွေ့ပြီး ခပ်စောစောပဲလက်မှတ်ရောင်းတဲ့ နေရာမှာလက်မှတ်သွားဝယ်တော့ ၆း၃၀ ကားကပြနေပါပြီ ၉း၃၀ ကားပဲကျန်ပါတော့တယ်၊ နဲနဲတွေဝေသွားတယ် အပြန်နောက်ကျရင်နောက်ဆုံးရထားမှီမှာမဟုတ်လို့ပဲ မမှီရင်အိမ်ပြန်ဘို့အခက်တွေ့လိမ့်မယ်။ ဇာတ်ကားကလည်းကြည့်ချင်နဲ့ စိတ်နှစ်ခွဖြစ်နေချိန် နှလုံးသားကလှန်းအော်သံကြားလိုက်ရတယ် “ကြည့်ကွာ” တဲ့။ မထူးတော့ပါဘူးဆိုပြီးလက်မှတ် ၂စောင်ဝယ်လိုက်ပါတော့တယ်။ တစ်စောင် ၁၃ဒေါ်လာတောင်ပေးခဲ့ရတယ်။ အချိန်ရှိသေးလို့ Jurong Point အပေါ်ထပ်မှာပဲ ထမင်းစားရင်းစကားထိုင်ပြောနေခဲ့ကြတယ်။
     ၉း၃၀ခါနီးလောက်မှာရုံထဲဝင်လိုက်ကြပါတော့တယ် ရုံအ၀င်မှာထင်တဲ့အတိုင်း မျက်မှန်လေးတွေကမ်းပါတယ်။ မျက်မှန်တစ်လက်ယူရင်း ရုံထဲသို့စိတ်စောစွာဝင်သွားပါတယ်။ ရုံထဲမှ မှောင်နေလို့မျက်မှန်ကိုသေသေခြာခြာ ကြည့်ခွင့်မရတဲ့အတွက် စိတ်ကသိကအောင့်ဖြစ်ခဲ့ရတယ်။
     မျက်မှန်မှ မှန်ကိုအင်္ကျီစနဲ့ ပွတ်လျက် နမူနာဇာတ်ကားတွေကြည့်ရင်း 3D ကားလာမည့်အချိန်ကိုမျှော်နေမိတယ်။ မကြာခင်အချိန်အတွင်းစာတမ်း စထိုးပါပြီ။ စိတ်တွေလည်းစောနေပါပြီ။ မျက်မှန်ကောက်တပ်ရင်း ဇာတ်ကားကိုစကြည့်ပါတယ် မျက်မှန်နဲ့ဆိုတော့နည်းနည်းတော့ဇာတ်ကားက ကြည့်ရတာမှောင်သွားတယ် ရှင်းရှင်းလင်းလင်းသိပ်မမြင်ရပါဘူး၊ ခပ်ဝါးဝါးလေးဖြစ်နေတယ်။ ဒါနဲ့မျက်မှန်ချွတ်ကြည့်လိုက်၊ တပ်ကြည့်လိုက်နဲ့ တစ်ယောက်ထဲစမ်းသပ်အလုပ်ရှုပ်နေတော့တယ်။ ချွတ်ကြည့်တာနဲ့ တပ်ကြည့်တာတူတူပဲလို့ခံစားနေရတယ်။ သူများတွေကြည့်တော့လည်း မျက်မှန်လေးတွေနဲ့လှူပ်တော်မလှူပ်ဘူး ကြည့်နေလိုက်ကြတာ။ ဒါနဲ့ သြော်အစမို့သိပ်မကြည်တာနေ မှာပါလေဆိုပြီး ဆက်ကြည့်နေလိုက်တယ် ၅မိနစ်လောက်ကြာတော့ နည်းနည်းခေါင်းမူးသလိုလိုခံစားလာရတယ်၊ ရုပ်ရှင်ကလည်းဝါးတားတားကိုး၊ ဒါနဲ့ဘေးကသူငယ်ချင်းကိုလှမ်းမေးလိုက်တယ် “ဟေ့သူငယ်ချင်း နောက်ကအပင်တွေက၀ါးနေသလိုပဲနော်”။ သူငယ်ချင်းက နည်းနည်းဝါးကြောင်းပြောပါတယ်။ ဒါနဲ့ သြော် 3D မလာသေးလို့နေမှာပါလေ လို့တွေးရင်းဆက်ကြည့်နေလိုက်တာ နောက် ၅ မိနစ်လောက်နေမှာတော့ ၀ါးတားတားကြည့်ရတာ ခေါင်းတွေနည်းနည်းမူးနာက်နောက်ဖြစ်လာပါတယ်။ မျက်မှန်ချွတ်ကြည့် လည်းဒီတိုင်းပဲ မထူးပါဘူး၊ ဒါနဲ့ မသင်္ကာဖြစ်ပြီး သူငယ်ချင်းစီကမျက်မှန်တောင်းကြည့်လိုက်တော့မှ... အားလားလား သူ့မျက်မှန်ထဲမှာရုပ်ပုံတွေ ကြွတက်နေပါပြီ ကြည့်ရတာတော်တော်ကောင်းပါတယ်။ ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်၊ ဒီအတိုင်းကြည့်လို့တော့မဖြစ် တစ်ခုခုလုပ်ဘို့စဉ်းစာလိုက်တယ်။ဒါနဲ့ထိုင်ခုံကအမြန်ထပြီး အ၀င်မျက်မှန်ဝေတဲ့နေရာကိုအပြေးလေး မျက်မှန်လဲဘို့ထွက်လာခဲ့တယ်။ အဲသည်မှာတံခါးကပိတ်ထားရော၊ ခက်ပြီ။ တွန်းကြည့်လိုက်တယ် အဲပွင့်သွားတယ်။ လိုက်ကြည့်လိုက်တော့ ဘယ်သူမှမရှိဘူး။ လွယ်လွယ်နဲ့တော့နောက်ဆုတ်လို့မဖြစ်ဘူး ပိုက်ဆံကလည်းပေးပြီးပြီ။ ဇာတ်လမ်းကလည်းအတော်ကောင်းနေပြီ။ ဒါနဲ့လှမ်းအော်ခေါ်ရပါတော့တယ် "anybody there.....???" လူရိပ်လူရောင်မတွေ့ရပါဘူး ဒါနဲ့နောက်တစ်ခေါက်ထပ်အောက်လိုက်တယ်၊ သြော်.....ကောင်မလေးတစ်ယောက်ခေါင်းထွက်ပြီးကြည့်တယ် ၀န်ထမ်းဝတ်စုံဝတ်ထားတယ် ဒါနဲ့လက်ရပ်ခေါ်ပြီး မျက်မှန်လည်းလိုကြောင်း၊ ၀ါးတားတားပဲမြင်ရကြောင်း ပြောလိုက်ပါတယ်။ ဒီတော့ဝန်ထမ်းမလေးက မျက်မှန်မှာထည့်ထားသော ဓာတ်ခဲ အားကုန်သွားကြောင်းရှင်းပြတယ်၊ ဒီတော့မှ ဒီမျက်မှာဓာတ်ခဲပါကြောင်း သိရတော့တယ်။ သူမကတောင်းပန်စကားဆိုရင်း မျက်မှန်အသစ်တစ်ခုယူပြီးလဲပေးပါတယ်။ သူလဲပေးတဲ့မျက်မှန်အသစ်ကိုယူရင်း ကိုယ့်ထိုင်ခုံရှိရာအပြေးလေး လှမ်းလာပြီးသေခြာမျက်မှန်တပ်ကြည့်ပါတော့တယ်။ အရောင်းအသွေးကတော်တော်စုံပြီး၊ ဇာတ်ကွက်တွေကလည်းစိတ်ဝင်စားဘို့တော်တော်ကောင်းပါတယ်။ Animation တွေကတော်တော်အသက်ဝင်တယ်။ ကြည့်ရတာတော်တော်တန်တယ် ရှေ့ပိုင်းမျက်မှန်ပျက်နဲ့ နှစ်ပါးသွားရတဲ့အချိန်တွေကိုတောင် တွေးတွေးပြီးနှမျောမိတယ်။ ဇာတ်လမ်းထဲမှာ ပေါက်ကွဲပြီးအစတွေထွက်လာတာများ လူတွေအပြင်မှာတကယ်ထင်ပြီး လိုက်ရှောင်နေကြတယ်။ ကျွန်ုပ်ကတော့မရှောင်ပါ။ ဘေးကသူငယ်ချင်းကလှမ်းမေးတယ် “တော်တော်ရှောင်လိုက်ရတယ်ကွာ မင်းကော”၊ “အေးငါ့တော့ထိသွားတယ်ကွ” လို့ပြန်ပြောတော့ရီပါလေရော။ ဇာတ်ကွက်အတော်များများအပြင်ထွက်လာနေသလိုခံစားနေရပြီး။ ဇာတ်ကားပြီးသွားမှပဲ လူလဲအမောဖြေရတော့တယ်။ ဇာတ်ကားကြည့်ရတာ တော်တော်မောတယ်။ ကျွန်ုပ်အကြိုက်ဇာတ်ကားတွေထဲက ဇာတ်ကားတစ်ကားဖြစ်သွားပါတော့တယ်။ ဇာတ်လမ်း၊ ဇာတ်ကွက် နဲ့ Computer Effect တွေကတော်တော်စွဲဆောင်မှုရှိတယ်။
     ရုံထဲကထွက်လာတော့ ၁၂း၃၀ နေပါပြီ ရထားလဲမရှိတော့ပါဘူး၊ အိမ်ကိုပြန်စရာ Taxi မှတစ်ပါး အခြားမရှိတော့ပြီ။ Taxi ငှားပြီးအိမ်ပြန်ရပါတော့တယ်။ Taxi ခ ၁၂ ဒေါ်လာကျခဲ့ပါတယ်။ ဒီဇာတ်ကားကြည့်ပြီးပြန်ရလို့ နောင်တမရခဲ့ပါဘူး။
(မင်္ဂလာညနေခင်း)