တစ်နေ့ရုံးဆင်းခါနီး၅း၃၀လောက်သူငယ်ချင်းတစ်ယောက်ကကျွန်ုပ်ထံသို့ဖုန်းဆက်လာပါတယ် ဒီနေ့အားလားတဲ့ ကျွန်ုပ်ကလည်းရုံးဆင်းခါနည်းဆိုတော့တက်ကြွစွာနဲ့ပြန်ပြောလိုက်တယ် “ဟေးငါ ရုံးဆင်းတော့မယ်ကွ”။ ဒီအချိန်မှာသူငယ်ချင်းက ရုပ်ရှင် သွားကြည့်ရန်ပြောပါတော့တယ်။ ကျွန်ုပ်ကိုယ်တိုင်ဆို ရုပ်ရှင်ကြိုက်သော်လည်းပဲ ရုံမှာသွားကြည့်ခဲပါတယ် ဈေးကြီးတာလည်းတစ်ကြောင်း၊ အချိန်မရတာလည်းပါတာပေါ့။ Singapore မှာက ရုပ်ရှင်တစ်ကားကို ၁၂ ဒေါ်လာဝန်းကျင်လောက်ပေးရတယ်။ ဒီနေ့တော့အားနေတာလည်းပါ သူငယ်ချင်းကလည်းအဖော်ကောင်းနေတော့ စိတ်ဝင်စားသွားတယ် “ဘာကားလည်းကွ“ လို့မေးရင်း ရုံးကနေပြီး ကားမှတ်တိုင်စီကိုထွက်လာနေပါပြီ။ “ အခုမှထွက်တဲ့ နံမည်ကြီး Avatar 3D ကားလေကွာ” လို့ပြောလိုက်တာကို ဖုန်းထဲမှနားထောင်ရင်း 3D ဆိုတဲ့အသံက ကျန်ုပ်ခြေလှမ်းများကို ရပ်တန့်သွားစေပါတယ်။ “အေးကွာ ဒါဆိုကြည့်ကြရအောင်၊ ဒါနဲ့ မင်းထမင်းစားပြီးပြီလား” လို့ကားမှတ်တိုင်မှာရပ်ရင်းမေးလိုက်တယ်။ “မစားရသေးဘူးကွ အတူတူစားကြရအောင်”ဟုပြန်ပြောရင်း နှစ်ဦးသဘောတူ Jurong Point မှာချိန်းလိုက်ကြပါတော့တယ်။
3D ဆိုလို့ပြောရအုံးမယ် ရန်ကုန်မှာနေတုန်းက 3D ကားဆိုပြီး တိရိစ္ဆာန် ရုံမှာကြည့်ဘူးပါတယ်။ ကြာပါပြီ ဒီအချိန်နဲ့တွက်ရင် ၁၂ နှစ်လောက်ရှိပြီ စဉ်းစာသာကြည့်တော့ဘယ်လောက်ကြာပြီလည်းလို့။ အဲဒီတုန်းက တစ်ကားကို ၁၅ကျပ်နဲ့ကြည့်ဘို့ တန်းအရှည်ကြီးစီရတယ်။ တစ်ကားကို ၁၅မိနစ်ပဲပြတာ ရုပ်ရှင်မဟုတ်ဘူး ပင်လယ်ရေအောက်ရှုခင်းရယ်၊ စကြာဝဋ္ဌာရှုခင်း တွေရယ် ၂ကားကြည့်ခဲ့တယ်။ အဲဒီ 3D ကားကိုကြည့်ရင်မျက်မှန်တပ်ရတယ်။ အ၀င်မှာကော်မျက်မှန်လေးတွေဝေပေးတယ်။ အဲဒီမျက်မှန်တပ်ကြည့်မှ ရုပ်ပုံလေးတွေကြွတက်လာတာတွေ့ရတယ်။ တော်တော်ကြည့်လို့ကောင်ခဲ့တယ်။
ဒါကြောင့် 3D ရုပ်ရှင်ဆိုတော့တော်တော်လေးကောင်းမှာပဲလို့ထင်တယ်၊ အသစ်အဆန်းကြည့်ချင်တဲ့ ရောဂါကလည်း ငယ်ရာပါရောဂါဆိုတော့ တော်တော်ကျွမ်းနေပြီလေ။ နမူနာ ကြေငြာတဲ့ဇာတ်ကွက်ကလဲ TV မှာကြည့်ထားတာဆိုတော့ ပိုလို့တောင်ဆိုးပြီပေါ့။
ဒီလိုနဲ့ Jurong Point ကိုရောက်လာပါတော့တယ်။ သူငယ်ချင်းနဲ့တွေ့ပြီး ခပ်စောစောပဲလက်မှတ်ရောင်းတဲ့ နေရာမှာလက်မှတ်သွားဝယ်တော့ ၆း၃၀ ကားကပြနေပါပြီ ၉း၃၀ ကားပဲကျန်ပါတော့တယ်၊ နဲနဲတွေဝေသွားတယ် အပြန်နောက်ကျရင်နောက်ဆုံးရထားမှီမှာမဟုတ်လို့ပဲ မမှီရင်အိမ်ပြန်ဘို့အခက်တွေ့လိမ့်မယ်။ ဇာတ်ကားကလည်းကြည့်ချင်နဲ့ စိတ်နှစ်ခွဖြစ်နေချိန် နှလုံးသားကလှန်းအော်သံကြားလိုက်ရတယ် “ကြည့်ကွာ” တဲ့။ မထူးတော့ပါဘူးဆိုပြီးလက်မှတ် ၂စောင်ဝယ်လိုက်ပါတော့တယ်။ တစ်စောင် ၁၃ဒေါ်လာတောင်ပေးခဲ့ရတယ်။ အချိန်ရှိသေးလို့ Jurong Point အပေါ်ထပ်မှာပဲ ထမင်းစားရင်းစကားထိုင်ပြောနေခဲ့ကြတယ်။
၉း၃၀ခါနီးလောက်မှာရုံထဲဝင်လိုက်ကြပါတော့တယ် ရုံအ၀င်မှာထင်တဲ့အတိုင်း မျက်မှန်လေးတွေကမ်းပါတယ်။ မျက်မှန်တစ်လက်ယူရင်း ရုံထဲသို့စိတ်စောစွာဝင်သွားပါတယ်။ ရုံထဲမှ မှောင်နေလို့မျက်မှန်ကိုသေသေခြာခြာ ကြည့်ခွင့်မရတဲ့အတွက် စိတ်ကသိကအောင့်ဖြစ်ခဲ့ရတယ်။
မျက်မှန်မှ မှန်ကိုအင်္ကျီစနဲ့ ပွတ်လျက် နမူနာဇာတ်ကားတွေကြည့်ရင်း 3D ကားလာမည့်အချိန်ကိုမျှော်နေမိတယ်။ မကြာခင်အချိန်အတွင်းစာတမ်း စထိုးပါပြီ။ စိတ်တွေလည်းစောနေပါပြီ။ မျက်မှန်ကောက်တပ်ရင်း ဇာတ်ကားကိုစကြည့်ပါတယ် မျက်မှန်နဲ့ဆိုတော့နည်းနည်းတော့ဇာတ်ကားက ကြည့်ရတာမှောင်သွားတယ် ရှင်းရှင်းလင်းလင်းသိပ်မမြင်ရပါဘူး၊ ခပ်ဝါးဝါးလေးဖြစ်နေတယ်။ ဒါနဲ့မျက်မှန်ချွတ်ကြည့်လိုက်၊ တပ်ကြည့်လိုက်နဲ့ တစ်ယောက်ထဲစမ်းသပ်အလုပ်ရှုပ်နေတော့တယ်။ ချွတ်ကြည့်တာနဲ့ တပ်ကြည့်တာတူတူပဲလို့ခံစားနေရတယ်။ သူများတွေကြည့်တော့လည်း မျက်မှန်လေးတွေနဲ့လှူပ်တော်မလှူပ်ဘူး ကြည့်နေလိုက်ကြတာ။ ဒါနဲ့ သြော်အစမို့သိပ်မကြည်တာနေ မှာပါလေဆိုပြီး ဆက်ကြည့်နေလိုက်တယ် ၅မိနစ်လောက်ကြာတော့ နည်းနည်းခေါင်းမူးသလိုလိုခံစားလာရတယ်၊ ရုပ်ရှင်ကလည်းဝါးတားတားကိုး၊ ဒါနဲ့ဘေးကသူငယ်ချင်းကိုလှမ်းမေးလိုက်တယ် “ဟေ့သူငယ်ချင်း နောက်ကအပင်တွေက၀ါးနေသလိုပဲနော်”။ သူငယ်ချင်းက နည်းနည်းဝါးကြောင်းပြောပါတယ်။ ဒါနဲ့ သြော် 3D မလာသေးလို့နေမှာပါလေ လို့တွေးရင်းဆက်ကြည့်နေလိုက်တာ နောက် ၅ မိနစ်လောက်နေမှာတော့ ၀ါးတားတားကြည့်ရတာ ခေါင်းတွေနည်းနည်းမူးနာက်နောက်ဖြစ်လာပါတယ်။ မျက်မှန်ချွတ်ကြည့် လည်းဒီတိုင်းပဲ မထူးပါဘူး၊ ဒါနဲ့ မသင်္ကာဖြစ်ပြီး သူငယ်ချင်းစီကမျက်မှန်တောင်းကြည့်လိုက်တော့မှ... အားလားလား သူ့မျက်မှန်ထဲမှာရုပ်ပုံတွေ ကြွတက်နေပါပြီ ကြည့်ရတာတော်တော်ကောင်းပါတယ်။ ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်၊ ဒီအတိုင်းကြည့်လို့တော့မဖြစ် တစ်ခုခုလုပ်ဘို့စဉ်းစာလိုက်တယ်။ဒါနဲ့ထိုင်ခုံကအမြန်ထပြီး အ၀င်မျက်မှန်ဝေတဲ့နေရာကိုအပြေးလေး မျက်မှန်လဲဘို့ထွက်လာခဲ့တယ်။ အဲသည်မှာတံခါးကပိတ်ထားရော၊ ခက်ပြီ။ တွန်းကြည့်လိုက်တယ် အဲပွင့်သွားတယ်။ လိုက်ကြည့်လိုက်တော့ ဘယ်သူမှမရှိဘူး။ လွယ်လွယ်နဲ့တော့နောက်ဆုတ်လို့မဖြစ်ဘူး ပိုက်ဆံကလည်းပေးပြီးပြီ။ ဇာတ်လမ်းကလည်းအတော်ကောင်းနေပြီ။ ဒါနဲ့လှမ်းအော်ခေါ်ရပါတော့တယ် "anybody there.....???" လူရိပ်လူရောင်မတွေ့ရပါဘူး ဒါနဲ့နောက်တစ်ခေါက်ထပ်အောက်လိုက်တယ်၊ သြော်.....ကောင်မလေးတစ်ယောက်ခေါင်းထွက်ပြီးကြည့်တယ် ၀န်ထမ်းဝတ်စုံဝတ်ထားတယ် ဒါနဲ့လက်ရပ်ခေါ်ပြီး မျက်မှန်လည်းလိုကြောင်း၊ ၀ါးတားတားပဲမြင်ရကြောင်း ပြောလိုက်ပါတယ်။ ဒီတော့ဝန်ထမ်းမလေးက မျက်မှန်မှာထည့်ထားသော ဓာတ်ခဲ အားကုန်သွားကြောင်းရှင်းပြတယ်၊ ဒီတော့မှ ဒီမျက်မှာဓာတ်ခဲပါကြောင်း သိရတော့တယ်။ သူမကတောင်းပန်စကားဆိုရင်း မျက်မှန်အသစ်တစ်ခုယူပြီးလဲပေးပါတယ်။ သူလဲပေးတဲ့မျက်မှန်အသစ်ကိုယူရင်း ကိုယ့်ထိုင်ခုံရှိရာအပြေးလေး လှမ်းလာပြီးသေခြာမျက်မှန်တပ်ကြည့်ပါတော့တယ်။ အရောင်းအသွေးကတော်တော်စုံပြီး၊ ဇာတ်ကွက်တွေကလည်းစိတ်ဝင်စားဘို့တော်တော်ကောင်းပါတယ်။ Animation တွေကတော်တော်အသက်ဝင်တယ်။ ကြည့်ရတာတော်တော်တန်တယ် ရှေ့ပိုင်းမျက်မှန်ပျက်နဲ့ နှစ်ပါးသွားရတဲ့အချိန်တွေကိုတောင် တွေးတွေးပြီးနှမျောမိတယ်။ ဇာတ်လမ်းထဲမှာ ပေါက်ကွဲပြီးအစတွေထွက်လာတာများ လူတွေအပြင်မှာတကယ်ထင်ပြီး လိုက်ရှောင်နေကြတယ်။ ကျွန်ုပ်ကတော့မရှောင်ပါ။ ဘေးကသူငယ်ချင်းကလှမ်းမေးတယ် “တော်တော်ရှောင်လိုက်ရတယ်ကွာ မင်းကော”၊ “အေးငါ့တော့ထိသွားတယ်ကွ” လို့ပြန်ပြောတော့ရီပါလေရော။ ဇာတ်ကွက်အတော်များများအပြင်ထွက်လာနေသလိုခံစားနေရပြီး။ ဇာတ်ကားပြီးသွားမှပဲ လူလဲအမောဖြေရတော့တယ်။ ဇာတ်ကားကြည့်ရတာ တော်တော်မောတယ်။ ကျွန်ုပ်အကြိုက်ဇာတ်ကားတွေထဲက ဇာတ်ကားတစ်ကားဖြစ်သွားပါတော့တယ်။ ဇာတ်လမ်း၊ ဇာတ်ကွက် နဲ့ Computer Effect တွေကတော်တော်စွဲဆောင်မှုရှိတယ်။
ရုံထဲကထွက်လာတော့ ၁၂း၃၀ နေပါပြီ ရထားလဲမရှိတော့ပါဘူး၊ အိမ်ကိုပြန်စရာ Taxi မှတစ်ပါး အခြားမရှိတော့ပြီ။ Taxi ငှားပြီးအိမ်ပြန်ရပါတော့တယ်။ Taxi ခ ၁၂ ဒေါ်လာကျခဲ့ပါတယ်။ ဒီဇာတ်ကားကြည့်ပြီးပြန်ရလို့ နောင်တမရခဲ့ပါဘူး။
(မင်္ဂလာညနေခင်း)
Wednesday, May 26, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment