Monday, November 22, 2010

သင် နှင့် ကယ်ဆယ်ရေး

     ကျွန်ုပ် မနေ့က အခန်းရှေ့ထွက်အလာ Channel News Asia ကမြန်မာပြည်ရဲ့ နာဂစ် မုန်တိုင်းအပြီး မိဘမဲ့ကလေးများ ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းလေးတစ်ပုဒ် လာနေတာတွေ့လို့ ကြည့်ဖြစ်ပါတယ်။ မေ့မေ့ပျောက်ပျောက်နီးပါးရှိနေပြီဖြစ်တဲ့ အနာဟောင်းကို တုတ်နဲ့ထိုးလိုက်သလို ခံစားလိုက်ရတယ်။ ဒီမုန်တိုင်းဖြစ်တာ ၂ နှစ်လောက်ရှိသွားပါပြီ။ မုန်တိုင်းဖြစ်ပြီး လို့ကယ်ဆယ်ရေးတွေ လုပ်နေချိန်မှာ ကျွန်ုပ်လည်း မဂ္ဂဇင်းတိုက်က စာပေသမားတွေနဲ့ ကွန်းခြံကုန်း ဒေးဒရဲ စတဲ့ ဒေသဘက်တွေကို ကယ်ဆယ်ရေးလုပ်ခဲ့ပါသေးတယ်။ ကျော်သူတို့အဖွဲ့တွေလည်းတွေ့ခဲ့ပါတယ်၊ သီသဂူဆရာတော်ဘုရားကြီးရဲ့ အဖွဲ့တွေလည်း တွေ့ခဲ့ပါတယ်။ သတင်းထဲမှာ နာဂစ်က မိဘတွေ သေဆုံးပြီး ကျန်နေခဲ့တဲ့ ကလေးတွေ အကြောင်းကိုပြောပြနေတာပါ။မိဘမဲ့ ကလေး အချို့ကို ခရစ်ယာန် ကျောင်းတစ်ကျောင်းက တတ်နိုင်သလောက်ကယ်ထားတာလေး တွေလဲပြသွားပါတယ်။ ကျွန်ုပ် ခရစ်ယာန်တွေကို မချီးကျူးပဲ မနေနိုင်ခဲ့ပါဘူး။
     ကလေးလေးတွေကို မေးခွန်းလေးတွေ သွားမေးထာတာလေးတွေ မှတ်မိသလောက် တင်ပြချင်ပါတယ်.........

မေး       ။   ။ ကလေးမိဘတွေမရှိတော့ ဘယ်လိုခံစားရလဲ။
ကလေး ။   ။ အမေရှိတုန်းက ထမင်းခွံ့ကျွေးတယ် ခုထမင်းခွံ့ကျွေးမဲ့သူမရှိတော့ဘူး...( ၅ နှစ်အရွယ်လောက် ကလေးလေးက ငိုမဲ့မဲ့နဲ့ ပြောသွားတာပါ။ သူစကားသိပ်မပြောတတ်ပါဘူး ဒါပေမယ့် သူ့ရင်ထဲကစကားကို သူ့ခံစားချက်ကလေးနဲ့ ပြောသွားတာပါ။ ရင်ထဲ မကောင်းလှပါဘူး။)

     နောက်ပြီးတော့ မောင်နှမ သုံးယောက်ပဲကျန်ခဲ့တဲ့ မိသားစုလေးကို သွားမေးပါသေးတယ်။
မေး       ။   ။ ကလေးတို့ ကြီးလာရင်ဘာလုပ်ကြမလဲ။ (အကြီးဆုံး ကလေးကိုမေးလိုက်တာပါ။ သူက အသက် ၈ နှစ် ၉ နှစ်လောက်ပဲရှိပါသေးတယ်။ သူ ရေထမ်းပြီးတော့ သူညီလေးနဲ့ ညီမလေးကို ရှာကျွေးနေသူပါ။ ဒီလောက် အသက်ငယ်ငယ်နဲ့ ဒီလိုရှာကျွေးနေတာ ကျွန်ုပ် အံ့သြမိတာ အမှန်ပါ။ ဘ၀ကပေးတဲ့ တာဝန်ကို အသက်ငယ်ငယ်နဲ့ သူ မနိုင်မနင်း ထမ်းနေရှာရပြီ။ သူ့မှာ ညီမငယ် ၅နှစ်လောက်နဲ့ ညီငယ် ၃ နှစ်သားလေး ရှိပါတယ်။)
ကလေး ။   ။ ကျွန်တော်ကြီးလာရင် ငါးဖမ်းမယ် ဂဏန်းထောင်စားပြီ ညီလေး ညီမလေးတွေကို ကျွေးမယ်တဲ့။ (သြော်အရွယ်နဲ့ မမျှတဲ့ခံယူချက်ပါ။ သူ့မှာ ယခုကျွန်ုပ်တို့တွေ ရည်မှန်းချက်မျိုး ကြားတောင် ကြားဘူးမယ်မထင်ဘူး။ သူ့မှာရည်ရွယ်ချက်ကြီးကြီးမားမား မရှိဘူးလို့ အင်မတန်ငယ်တဲ့ ကလေးလေးကို အပြစ်မတင်ရက်ပါဘူး သူ့မှာ ယခုပြင်းပြင်းထန်ထန် ခံစာနေရတာက ဆာလောင်ခြင်း ငတ်မွတ်ခြင်းတွေပါ။ ဒါကိုသူ နေ့စဉ်အရွယ်နဲ့ မမျှအောင် ကျော်လွှားနေရပါတယ်။ သူ့ညီမလေးကလဲ ဖြေပါတယ် ငါးဖမ်းစားမယ်တဲ့။ သြော်ကျွန်ုပ်ရင်တွေ တုန်လှူပ်ခဲ့ရပါပြီ။ သတင်းထဲမှာ ကလေးငယ်လေးက ရေတွေ ခဏခဏ သောက်နေတာတွေ့တော့ ကျွန်ုပ်ထင်တယ် သူဗိုက်ဆာနေလို့ဖြစ်မယ်လို့ ဒီအချိန်ကျွန်ုပ်လဲ ရေဘူးလေးကိုင်ပြီး ရေသောက်နေချိန်ပါ။ ကျွန်ုပ်ရေသောက်တာ မျိုမကျတော့ပါဘူးဗျာ။)
     ညီအငယ်ဆုံးလေးကိုမေးတယ် သူစကားသိပ်မပြောတတ်ပါဘူး။
မေး       ။   ။ ကိုကြီးကိုချစ်လား။
ကလေး ။   ။ ချစ်တယ်..
မေး       ။   ။ဘာလို့ချစ်လဲ။
ကလေး ။   ။ ချစ်တယ်။  (သူမဖြေတတ်ပါဘူး၊ ချစ်တာတစ်ခုပဲသိတယ်။ သူ့အကိုပြန်လာရင် ထန်းလျက်ခဲ ဖြစ်ဖြစ် မုန့်တစ်ခုခုဖြစ်ဖြစ် ၀ယ်လာတတ်တယ်လေ ဒါကပဲသူတို့ရဲ့ နေ့လည်စာဖြစ်သွားတာလဲ ရက်တွေမနဲတော့ဘူးတဲ့။)

     နောက်ကောင်မလေးတစ်ယောက်ကို မေးပါတယ်။ သူက အသက်၁၀ နှစ်လောက်တော့ရှိမယ်ထင်တယ်။
မေး       ။   ။ ကလေးဘယ်လိုနေထိုင်စားသောက်နေပါလဲ။
ကလေး ။   ။ သမီးတနေကုန် ပုဇွန်တို့ ငါးတို့ ဂဏန်းတို့ကို ချောင်းထဲ လိုက်နှိုက်တယ်။ ရတဲ့ထဲက တစ်ဝက်ကို ချက်စားတယ်၊ တစ်ဝက်ကို ရောင်းတယ် ရတဲ့ငွေနဲ့ ဆန်၊ဆီ၊ဆား၊ ကြက်သွန်ဝယ်တယ်။ (သူဘ၀ကလဲ မသက်သာလှပါဘူး။ သတင်းထဲမှာပြတယ် ချောင်ထဲရေစိုစိုထဲမှာ တစ်နေကုန်လိုက်နှူက်ရတာပါ။ စာပေသင်ကြားနေရမယ့် အချိန်မှာ သူ့ဝမ်းစာအတွက် အရွယ်နဲ့မလိုက်အောင် ရုန်းကန်နေရပါတယ်။ ကျွန်ုပ်တွေးကြည့်တယ် တစ်နေကုန် ရေထဲနေလို့ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲလို့။ ကျွန်ုပ်ဆက်ပြီး မတွေးတတ်တော့ပါဘူး တွေးလဲမတွေးရဲတော့ပါဘူး။)

     နောက်အသက် ၉ နှစ်လောက်ရှိမဲ့ ကလေးမလေးတစ်ယောက်ကို မေးပြန်ပါတယ်။
မေး       ။   ။ သမီးဘာအလုပ်လုပ်စားလဲ။
ကလေး ။   ။ ဆားကွင်းမှာ လုပ်တယ်တဲ့။
မေး       ။   ။ ဘာအဖြစ်ချင်ဆုံးလဲ။ ဘာလို့လဲ။
ကလေး ။   ။ ချမ်းသာချင်တယ်။ ဘာလို့လဲဆိုတော့ တနေကုန် ဆားကွင်းထဲမှာ အလုပ်လုပ်ရတာ အရမ်းပင်ပန်းတယ်။ နေကလဲပူတယ် အောက်ကလဲပူတယ် မီးခဲတွေ နင်းရတဲ့ အတိုင်းပဲ။ဒါကြောင့် ပိုက်ဆံရှိချင်တယ်။ ( သင့်ကို ဘာကြောင့်ချမ်းသာချင်လဲမေးရင် သင်စိတ်ထဲ တိုက်ကြီးတွေ၊ ကားကြီးတွေ၊ အ၀တ်အစား လှလှတွေ၊ အစားကောင်း အသောက်ကောင်းတွေ စိတ်ထဲပေါ်လာမှာ မလွဲပါဘူး။ ကလေးလေးက ဒါတွေမသိပါဘူး ၉ နှစ်လောက်ပဲ ရှိသေးတာကိုး၊ သူ့မှာ အရွယ်နဲ့မမျှတဲ့ ဒုက္ခထဲက ခဏဖြစ်ဖြစ် လွတ်ချင်တဲ့ သဘောလောက်ပဲရှိတာပါ။ )
 
     ယခုဒီကလေးလေးတွေထဲက အချို့ဟာ မိဘမဲ့ဂေဟာတွေ၊ စောင့်ရှောက်ရေး လူမှူအဖွဲ့ အစည်းအချို့ကို ရောက်နေကြပါပြီ။ ခရစ်ယာန် အဖွဲ့လေးတွေ တွေ့ရပါတယ်။ သူတို့ရဲ့လူမှူရေး ဆောင်ရွက်ချက်လေးတွေဟာ ချစ်စရာကောင်းလှပါတယ်။
     ဒါပေမဲ့ သူတို့လဲ အကုန် မကယ်နိုင်ပါဘူး။ မုန်တိုင်းကြောင့် မိဘမဲ့ကလေးတွေနဲ့ အခြားမိသားစုတွေ အများကြီးရှိနေပါသေးတယ်။ ဒါတွေကို မြန်မာပြည်သားတစ်ယောက်အနေနဲ့ဖြစ်ဖြစ်၊ လူသားခြင်း စာနာထောက်ထားမှူ အရဖြစ်ဖြစ် လျစ်လျူရှုမနေသင့်ပါဘူး။ သူတို့ငတ်နေတာ သင်တို့တကယ်တွေ့ရင် သင်တို့ထမင်းမျိုကျနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်ုပ်ပြောရဲတယ်။ ဒါကြောင့် တတ်နိုင်တဲ့ဘက်က  တတ်နိုင်သလောက် နည်းနည်းဖြစ်ဖြစ် ကိုယ်တိုင်မသွားနိုင်တောင် အဆက်အသွယ်ရှာဖွေပြီး စာနာထောက်ထားစွာနဲ့ စား၊ ၀တ်၊ နေရေး ပညာရေး အဆင်ပြေအောင် ထောက်ပံ့ကြပါလို့ ကလေးတွေ၊ ဒုက္ခရောက်သူတွေ ကိုယ်စား ကျွန်ုပ်ကတိုက်တွန်းအပ်ပါတယ်။ ယနေ့မှစပြီး ဒုက္ခရောက်သူ တွေကို တတ်နိုင်သမျှ ကူညီမည်ဟု နှလုံးသွင်းနိုင်ကြပါလျှင်ဖြင့် ကျွန်ုပ်သည်နေရာမှ ဦးညွှတ်လိုက်ပါတယ်။
(မင်္ဂလာညနေခင်း)

Sunday, November 7, 2010

ကြောက်စိတ်

     ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်းအထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေလက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို သင်ပြီးစပေါ့။မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်း ဆရာတော် ဆီမှာပညာသင်ကြားခဲ့ရတယ်။တစ်နေ့မှာ အင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း
ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာသေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေး တဲ့အခါ မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်း တော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။

     ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့.။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက် ဟဲ့...... ငလွင်မရသေးဘူးလား လို့မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက် ရတော့တယ်။ ငလွင်......လာခဲ့ လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော်အသံက ကျောင်းသား အားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။

     ဟဲ့...ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်း ညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ။ ဒီလိုလူက ငါးခြောက်ပြား တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင်
လုပ်နိုင်တော့မှာလဲ လို့မိန့်ပြီး အချက်ပေါင်း များစွာ ရိုက်နှက်ဆုံးမပါသတဲ့။
     ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်း တစ်ခုက စံကျောင်း ဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား လို့ အဓိပ္ပါယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ဝင်လာပါတယ်. အဖြေလွှာ တွေကို စားပွဲပေါ် ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။

     ဆရာ့မျက်နှာက နီပြီးတင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီးကြည့်တယ်။ တစ်တန်းလုံး ကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။ ဆရာက ကျောင်းသားတစ်ယောက်ရဲ့နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ နောက်ဆုံးခုံက ကျောင်းသားတစ်ယောက်ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။ "ဒါ မင်းအဖြေလား"။ "ဟုတ်ပါတယ် ဆရာ"၊ "အေး တစ်တန်းလုံး ကြားအောင် ဖတ်စမ်း" နည်းနည်း အံ့သြနေပုံနှင့် ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း။ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကပိုပြီး ကြီးမားနေနိုင်ကြောင်း၊ ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရပါလျှက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့် ဟု သံသယဖြစ်စရာရှိကြောင်း။ ဘုရားသားတော် တို့မည်သည် ရသတဏှာဖြစ် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲမှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်း လက်ထက်မှာ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ် လက် ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင် နိုင်ကြောင်း၊ အဲဒီလိုတွေ ဖြေထားတာဗျ။

     တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။ ကျောင်းသား ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။ "မင်း ငါ့ကို နောက်တာလား" "ဟာ.......မဟုတ်ပါဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ" ကဲအားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ....မင်းကစ၊ သူဖြေတာ မှန်သလား၊
မှားသလား။
     ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင်ကျောင်းသားကို ကြည့်လိုက် ၊ ဆရာ့ကို ကြည့်လိုက် ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။ ဒါပေမယ့် သူ့လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေအောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံး လိုလိုလည်း ကျွန်တော့်လိုဘဲထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင်သိသာပါတယ်။
ဟေ့ကောင်.......ဖြေလေကွာ ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချ လိုက်တယ်။
     တကယ်တော့ ဆရာကမှန်သလား၊ မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ် ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေက မှားတယ်လို့ ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာက ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန်တူပါရဲ့။ သူဖြေတာ မှားပါတယ် ဟုတ်ပြီ၊ နောက်တစ်ယောက် မှန်....အဲ...မှားပါတယ် နောက်တစ်ယောက် မှားပါတယ်
တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့်ရောက်လာပါတယ်။ ကျွန်တော်
ထရပ်လိုက်ပါတယ်။ အသက် တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။ မှားပါတယ်၊ အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့် နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ။ 
     လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းထဲမှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့် ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့လိုဘဲ ခံစားနေရမှာကပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။ ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကိုကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာမှာ ဒီလိုတပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။
ကျောင်းမှာ အဲဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။ အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက် ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ.........။ ခက်ထန်တဲ့ အမူအရာတွေ။ ။

     အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေေ၀နဲ့။ လုပ်ငန်းခွင်ထဲမှာ ပြုပြင် ပြောင်းလဲဘို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေ ရှိရင်လည်း ကျွန်တော်ဘာမှ မပြောရဲဘူး။ အပြုဘက်က မြင်ပြီးပြောင်းလဲပစ်လိုက်ရင် အကျိုးရှိမယ်ဆိုတာ သေသေချာချာကြီး သိမြင်နေပါလျှက်ကနဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့ ကျွန်တော်ဘာမှ အကြံမပြုရဲဘူး။ ကျွန်တော့ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ မတောင်းကြဘူးလေ။

     သင်ခဲ့ရတဲ့ ပညာတွေ စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာ မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့ ကျွန်တော် မထင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ အဲဒါ ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။ ကျွန်တော့အထက် အဆင့်ဆင့်၊ အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒါကို မှန်တယ် ထင်လာကြရင်ဖြင့်......ဌာန မနာဘူးလား တိုင်းပြည်မနာဘူးလား၊ ပညာရပ်အမြင်နဲ့ ကြည့်ရင် တစ်ကမ္ဘလုံးနဲ့ လူသားအားလုံး နာပါတယ်။ ဒါပေမယ့်....... ကျွန်တော်
အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။

သူ့အမေ လက်ထဲမှာ တုတ်တစ်ချောင်းနဲ့.......
"ဘယ်လိုဖြစ်နေကြတာလဲကွာ" "ဘယ်လိုဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင် မလုပ်ဘဲ ကမြင်းတာလေ၊ ပန်းကန်တစ်လုံး ကွဲပြီ"  "ဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ.................................."
"တော်...... စာအုပ်ထဲက ဟာတွေလာပြောမနေနဲ့၊ ပန်းကန်တစ်လုံး ဘယ်လောက် အောက်မေ့လို့လဲ၊ ရှင့် ၀င်ငွေက ဘယ်လောက်..............................." 
ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက် မျက်လုံးများနဲ့ ကျွန်တော့်ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။ ဒါပေမယ့် ဖေဖေ့မျက်လုံး တွေကလည်း သားရဲ့ မျက်လုံးတွေလိုဘဲ ဖြစ်နေတာ ကြာပါပြီကောလား သားရယ်.......။

(မောင်သစ်ဆင်း)

Saturday, November 6, 2010

ခေတ်တာဝန်

     ယခုခေတ်မှာ လူအတော်တော်များများဟာ နည်းပညာ၊ ခေတ်ပေါ်အသုံးအဆောင် စတာတွေအပေါ် အာရုံစိုက်လာကြပါတယ်။ တနည်းအားဖြင့် ဒါဟာခေတ်ရဲ့ စေစားရာကို လိုက်လာကြတာပါ။ ကောင်တဲ့အချက်ရှိသလို ဆိုးတဲ့အချက်လည်းရှိတာပါပဲ။ ခေတ်မှီလာတာ မကောင်းဘူးလားလို့မေးရင်။ အကုန်ကောင်းတယ်လို့ ဖြေနိုင်စရာ အကြောင်းမရှိပါဘူး။ တစ်ခုနှစ်ခုလောက် ထုတ်ဖေါ် ပြရလျှင် အ၀တ်အစား အသစ်အဆန်းတွေကို တီထွင်နေတဲ့ သူတွေဟာ သီးပင်၊ စားပင်တွေကို စိုက်ပျိုးနေတဲ့ သူတွေ ကျောင်းဆရာတွေ၊ စာပေရေးသားနေသူတွေထက် ၀င်ငွေတွေကောင်း နိုင်ငံတကာမှာ လူသိများ အောင်မြင်မှူတွေနဲ့ ကျော်ကြား နေတာဟာ အကောင်းဘက်ကို ဦးတည်နေတာပါလို့ ပြောလျှင်တော့ သင်လက်ခံနိုင်ပါမည်လား။ သင်ကြီးရွယ်အို၊ ကလေး၊ မသန်စွမ်းသူ တွေကိုတောင်မှ ဦးစာပေးမှူ၊ ကူညီမှူတွေ ရှေးယခင်ကလောက်နည်းလာတွေဟာ သင့်ပတ်ဝန်းကျင်မှာတွေ့နိုင်ပါတယ်။ ဒီလိုပြောခြင်းဟာ ယခုခေတ်ကြီးကလုံးဝ မကောင်းဘူးလို့ ပြောနေခြင်းမဟုတ်ပါ။ ခရီးသွားလာရ လွယ်ကူလားခြင်း၊ သတင်းအချက် အလက်များအား အချိန်တိုအတွင်း သိရှိနိုင်ခြင်းတွေဟာ ယခုခေတ်ရဲ့ အားသာချက်တွေပါပဲ။
     ယခုခေတ်လူတွေဟာ စာဖတ်ရာတွင်လည်း တိုတို တုတ်တုတ် သတင်းအချက်အလက် သိရုံလောက်ရုံ စာဖတ်သူတွေ များလာကြပါတယ်။ သူတို့တွေကို ဂန္ထ၀င်စာပေတွေအကြောင်း မေးကြည့်ပါ။ သူတို့တွေ စာအုပ်နံမည်တွေ အတော်များများသိပါတယ်။ ဖတ်ဘူးသူကတော့ ၀မ်းနည်းစရာ ကောင်းလောက်အောင် နည်းပါးလာကြပါပြီ။ စာရှည်ရှည် ဖတ်ခိုင်းခြင်းဟာ သူတို့ကို ထောင်ထဲမှာ ချုပ်ထားတာလို့ ထင်နေကြပါတယ်။ ရသ၊ ဂန္ထ၀င်စာပေ ဖတ်မှူ အားနည်းလာခြင်းကြောင့် သူတို့တွေရဲ့ အတွေးထဲမှာ စာနာခံစားမှူ၊ သနားကျင်နာမှူ၊ တစ်ဦးပေါ် တစ်ဦး နားလည်မှူတွေမှာ အားနည်းလာကြပါတယ်။ ဒါဟာ အတတ်ပညာပိုင်းဆိုင်ရာ အားကောင်းလာသော်လည်း ခံစာမှူ စာနာနားလည်မှူ နှလုံးသား အားနည်းလာတဲ့ ဘက်ကိုသွားနေတာပါ။
     ဒါကြောင့် မြန်မာပြည်အတွင်းမှ လူတွေရော၊ နိုင်ငံခြားရောက် မြန်မာတွေရော မိမိနဲ့ မိမိရဲ့ မျိုးဆက်သစ် တွေအပေါ်မှာ ခံစားနာလည်းမှူ အသိပညာ၊ ယျဉ်းကျေးမှူ၊ ဘာသာတရားတွေ မကွယ်ပျောက်သွားရလေအောင် တာဝန်ယူကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
(မင်္ဂလာညနေခင်း)