Monday, November 22, 2010

သင် နှင့် ကယ်ဆယ်ရေး

     ကျွန်ုပ် မနေ့က အခန်းရှေ့ထွက်အလာ Channel News Asia ကမြန်မာပြည်ရဲ့ နာဂစ် မုန်တိုင်းအပြီး မိဘမဲ့ကလေးများ ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းလေးတစ်ပုဒ် လာနေတာတွေ့လို့ ကြည့်ဖြစ်ပါတယ်။ မေ့မေ့ပျောက်ပျောက်နီးပါးရှိနေပြီဖြစ်တဲ့ အနာဟောင်းကို တုတ်နဲ့ထိုးလိုက်သလို ခံစားလိုက်ရတယ်။ ဒီမုန်တိုင်းဖြစ်တာ ၂ နှစ်လောက်ရှိသွားပါပြီ။ မုန်တိုင်းဖြစ်ပြီး လို့ကယ်ဆယ်ရေးတွေ လုပ်နေချိန်မှာ ကျွန်ုပ်လည်း မဂ္ဂဇင်းတိုက်က စာပေသမားတွေနဲ့ ကွန်းခြံကုန်း ဒေးဒရဲ စတဲ့ ဒေသဘက်တွေကို ကယ်ဆယ်ရေးလုပ်ခဲ့ပါသေးတယ်။ ကျော်သူတို့အဖွဲ့တွေလည်းတွေ့ခဲ့ပါတယ်၊ သီသဂူဆရာတော်ဘုရားကြီးရဲ့ အဖွဲ့တွေလည်း တွေ့ခဲ့ပါတယ်။ သတင်းထဲမှာ နာဂစ်က မိဘတွေ သေဆုံးပြီး ကျန်နေခဲ့တဲ့ ကလေးတွေ အကြောင်းကိုပြောပြနေတာပါ။မိဘမဲ့ ကလေး အချို့ကို ခရစ်ယာန် ကျောင်းတစ်ကျောင်းက တတ်နိုင်သလောက်ကယ်ထားတာလေး တွေလဲပြသွားပါတယ်။ ကျွန်ုပ် ခရစ်ယာန်တွေကို မချီးကျူးပဲ မနေနိုင်ခဲ့ပါဘူး။
     ကလေးလေးတွေကို မေးခွန်းလေးတွေ သွားမေးထာတာလေးတွေ မှတ်မိသလောက် တင်ပြချင်ပါတယ်.........

မေး       ။   ။ ကလေးမိဘတွေမရှိတော့ ဘယ်လိုခံစားရလဲ။
ကလေး ။   ။ အမေရှိတုန်းက ထမင်းခွံ့ကျွေးတယ် ခုထမင်းခွံ့ကျွေးမဲ့သူမရှိတော့ဘူး...( ၅ နှစ်အရွယ်လောက် ကလေးလေးက ငိုမဲ့မဲ့နဲ့ ပြောသွားတာပါ။ သူစကားသိပ်မပြောတတ်ပါဘူး ဒါပေမယ့် သူ့ရင်ထဲကစကားကို သူ့ခံစားချက်ကလေးနဲ့ ပြောသွားတာပါ။ ရင်ထဲ မကောင်းလှပါဘူး။)

     နောက်ပြီးတော့ မောင်နှမ သုံးယောက်ပဲကျန်ခဲ့တဲ့ မိသားစုလေးကို သွားမေးပါသေးတယ်။
မေး       ။   ။ ကလေးတို့ ကြီးလာရင်ဘာလုပ်ကြမလဲ။ (အကြီးဆုံး ကလေးကိုမေးလိုက်တာပါ။ သူက အသက် ၈ နှစ် ၉ နှစ်လောက်ပဲရှိပါသေးတယ်။ သူ ရေထမ်းပြီးတော့ သူညီလေးနဲ့ ညီမလေးကို ရှာကျွေးနေသူပါ။ ဒီလောက် အသက်ငယ်ငယ်နဲ့ ဒီလိုရှာကျွေးနေတာ ကျွန်ုပ် အံ့သြမိတာ အမှန်ပါ။ ဘ၀ကပေးတဲ့ တာဝန်ကို အသက်ငယ်ငယ်နဲ့ သူ မနိုင်မနင်း ထမ်းနေရှာရပြီ။ သူ့မှာ ညီမငယ် ၅နှစ်လောက်နဲ့ ညီငယ် ၃ နှစ်သားလေး ရှိပါတယ်။)
ကလေး ။   ။ ကျွန်တော်ကြီးလာရင် ငါးဖမ်းမယ် ဂဏန်းထောင်စားပြီ ညီလေး ညီမလေးတွေကို ကျွေးမယ်တဲ့။ (သြော်အရွယ်နဲ့ မမျှတဲ့ခံယူချက်ပါ။ သူ့မှာ ယခုကျွန်ုပ်တို့တွေ ရည်မှန်းချက်မျိုး ကြားတောင် ကြားဘူးမယ်မထင်ဘူး။ သူ့မှာရည်ရွယ်ချက်ကြီးကြီးမားမား မရှိဘူးလို့ အင်မတန်ငယ်တဲ့ ကလေးလေးကို အပြစ်မတင်ရက်ပါဘူး သူ့မှာ ယခုပြင်းပြင်းထန်ထန် ခံစာနေရတာက ဆာလောင်ခြင်း ငတ်မွတ်ခြင်းတွေပါ။ ဒါကိုသူ နေ့စဉ်အရွယ်နဲ့ မမျှအောင် ကျော်လွှားနေရပါတယ်။ သူ့ညီမလေးကလဲ ဖြေပါတယ် ငါးဖမ်းစားမယ်တဲ့။ သြော်ကျွန်ုပ်ရင်တွေ တုန်လှူပ်ခဲ့ရပါပြီ။ သတင်းထဲမှာ ကလေးငယ်လေးက ရေတွေ ခဏခဏ သောက်နေတာတွေ့တော့ ကျွန်ုပ်ထင်တယ် သူဗိုက်ဆာနေလို့ဖြစ်မယ်လို့ ဒီအချိန်ကျွန်ုပ်လဲ ရေဘူးလေးကိုင်ပြီး ရေသောက်နေချိန်ပါ။ ကျွန်ုပ်ရေသောက်တာ မျိုမကျတော့ပါဘူးဗျာ။)
     ညီအငယ်ဆုံးလေးကိုမေးတယ် သူစကားသိပ်မပြောတတ်ပါဘူး။
မေး       ။   ။ ကိုကြီးကိုချစ်လား။
ကလေး ။   ။ ချစ်တယ်..
မေး       ။   ။ဘာလို့ချစ်လဲ။
ကလေး ။   ။ ချစ်တယ်။  (သူမဖြေတတ်ပါဘူး၊ ချစ်တာတစ်ခုပဲသိတယ်။ သူ့အကိုပြန်လာရင် ထန်းလျက်ခဲ ဖြစ်ဖြစ် မုန့်တစ်ခုခုဖြစ်ဖြစ် ၀ယ်လာတတ်တယ်လေ ဒါကပဲသူတို့ရဲ့ နေ့လည်စာဖြစ်သွားတာလဲ ရက်တွေမနဲတော့ဘူးတဲ့။)

     နောက်ကောင်မလေးတစ်ယောက်ကို မေးပါတယ်။ သူက အသက်၁၀ နှစ်လောက်တော့ရှိမယ်ထင်တယ်။
မေး       ။   ။ ကလေးဘယ်လိုနေထိုင်စားသောက်နေပါလဲ။
ကလေး ။   ။ သမီးတနေကုန် ပုဇွန်တို့ ငါးတို့ ဂဏန်းတို့ကို ချောင်းထဲ လိုက်နှိုက်တယ်။ ရတဲ့ထဲက တစ်ဝက်ကို ချက်စားတယ်၊ တစ်ဝက်ကို ရောင်းတယ် ရတဲ့ငွေနဲ့ ဆန်၊ဆီ၊ဆား၊ ကြက်သွန်ဝယ်တယ်။ (သူဘ၀ကလဲ မသက်သာလှပါဘူး။ သတင်းထဲမှာပြတယ် ချောင်ထဲရေစိုစိုထဲမှာ တစ်နေကုန်လိုက်နှူက်ရတာပါ။ စာပေသင်ကြားနေရမယ့် အချိန်မှာ သူ့ဝမ်းစာအတွက် အရွယ်နဲ့မလိုက်အောင် ရုန်းကန်နေရပါတယ်။ ကျွန်ုပ်တွေးကြည့်တယ် တစ်နေကုန် ရေထဲနေလို့ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲလို့။ ကျွန်ုပ်ဆက်ပြီး မတွေးတတ်တော့ပါဘူး တွေးလဲမတွေးရဲတော့ပါဘူး။)

     နောက်အသက် ၉ နှစ်လောက်ရှိမဲ့ ကလေးမလေးတစ်ယောက်ကို မေးပြန်ပါတယ်။
မေး       ။   ။ သမီးဘာအလုပ်လုပ်စားလဲ။
ကလေး ။   ။ ဆားကွင်းမှာ လုပ်တယ်တဲ့။
မေး       ။   ။ ဘာအဖြစ်ချင်ဆုံးလဲ။ ဘာလို့လဲ။
ကလေး ။   ။ ချမ်းသာချင်တယ်။ ဘာလို့လဲဆိုတော့ တနေကုန် ဆားကွင်းထဲမှာ အလုပ်လုပ်ရတာ အရမ်းပင်ပန်းတယ်။ နေကလဲပူတယ် အောက်ကလဲပူတယ် မီးခဲတွေ နင်းရတဲ့ အတိုင်းပဲ။ဒါကြောင့် ပိုက်ဆံရှိချင်တယ်။ ( သင့်ကို ဘာကြောင့်ချမ်းသာချင်လဲမေးရင် သင်စိတ်ထဲ တိုက်ကြီးတွေ၊ ကားကြီးတွေ၊ အ၀တ်အစား လှလှတွေ၊ အစားကောင်း အသောက်ကောင်းတွေ စိတ်ထဲပေါ်လာမှာ မလွဲပါဘူး။ ကလေးလေးက ဒါတွေမသိပါဘူး ၉ နှစ်လောက်ပဲ ရှိသေးတာကိုး၊ သူ့မှာ အရွယ်နဲ့မမျှတဲ့ ဒုက္ခထဲက ခဏဖြစ်ဖြစ် လွတ်ချင်တဲ့ သဘောလောက်ပဲရှိတာပါ။ )
 
     ယခုဒီကလေးလေးတွေထဲက အချို့ဟာ မိဘမဲ့ဂေဟာတွေ၊ စောင့်ရှောက်ရေး လူမှူအဖွဲ့ အစည်းအချို့ကို ရောက်နေကြပါပြီ။ ခရစ်ယာန် အဖွဲ့လေးတွေ တွေ့ရပါတယ်။ သူတို့ရဲ့လူမှူရေး ဆောင်ရွက်ချက်လေးတွေဟာ ချစ်စရာကောင်းလှပါတယ်။
     ဒါပေမဲ့ သူတို့လဲ အကုန် မကယ်နိုင်ပါဘူး။ မုန်တိုင်းကြောင့် မိဘမဲ့ကလေးတွေနဲ့ အခြားမိသားစုတွေ အများကြီးရှိနေပါသေးတယ်။ ဒါတွေကို မြန်မာပြည်သားတစ်ယောက်အနေနဲ့ဖြစ်ဖြစ်၊ လူသားခြင်း စာနာထောက်ထားမှူ အရဖြစ်ဖြစ် လျစ်လျူရှုမနေသင့်ပါဘူး။ သူတို့ငတ်နေတာ သင်တို့တကယ်တွေ့ရင် သင်တို့ထမင်းမျိုကျနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်ုပ်ပြောရဲတယ်။ ဒါကြောင့် တတ်နိုင်တဲ့ဘက်က  တတ်နိုင်သလောက် နည်းနည်းဖြစ်ဖြစ် ကိုယ်တိုင်မသွားနိုင်တောင် အဆက်အသွယ်ရှာဖွေပြီး စာနာထောက်ထားစွာနဲ့ စား၊ ၀တ်၊ နေရေး ပညာရေး အဆင်ပြေအောင် ထောက်ပံ့ကြပါလို့ ကလေးတွေ၊ ဒုက္ခရောက်သူတွေ ကိုယ်စား ကျွန်ုပ်ကတိုက်တွန်းအပ်ပါတယ်။ ယနေ့မှစပြီး ဒုက္ခရောက်သူ တွေကို တတ်နိုင်သမျှ ကူညီမည်ဟု နှလုံးသွင်းနိုင်ကြပါလျှင်ဖြင့် ကျွန်ုပ်သည်နေရာမှ ဦးညွှတ်လိုက်ပါတယ်။
(မင်္ဂလာညနေခင်း)

No comments:

Post a Comment