Wednesday, June 2, 2010

စွန့်လွှတ်ခြင်း အနုပညာ

     ကျွန်ုပ်တို့မြန်မာလူမျိုးအများစုဟာ အလှူအတန်း ရက်ရောတတ်ကြပါတယ်။ တစ်နည်းအားဖြင့်စွန့်ကြဲခြင်း လို့ခေါ်ရင်လဲမှားမှာမဟုတ်ပါဘူး။ ကျွန်ုပ်စိတ်နဲ့မတည့်တဲ့ အချို့အလှူတွေ တွေ့ဘူးပါတယ်။ ဒါ့ကြောင့်တွေးမိတယ်ဗျာ သူတို့လှူကော လှူတတ်ကြရဲ့လားလို့ ? ဘာအတွက်လှူနေတာလဲလို့ ? ကျွန်ုပ်ဒီနေရာမှာနိဗ္ဗာန် ရောက်ကြောင်းတွေကိုပြောမှာမဟုတ်ပါဘူး။ဒါတွေဒီမှာပြောဘို့အလှမ်းဝေးလှပါသေးတယ်။ ကျွန်ုပ်ပါတ်ဝန်းကျင်မှာတွေ့ဘူးပါတယ်။ အတော်လည်းပိုက်ဆံရှိပါတယ်။ လူအများကပြောကြတယ် သိပ်အလှုရက်ရောတာ တဲ့။ နှစ်စဉ်နှစ်တိုင်းလည်း ငွေသိန်းပေါင်းများစွာလှူနေပါတယ်။ဒါလည်းတွေ့ရပါတယ်။တစ်နေ့ သူ့ရဲ့အလုပ်သမားလေး နဲ့စကားပြောနေတာ ကြားရတယ်။ အလုပ်သမားလေးက ငွေချေးတာပါ။ သူ့အမေနေမကောင်းလို့ဆေးရုံတက်နေရလို့ ပိုက်ဆံချေးပါတဲ့။ သူ့ပိုက်ဆံကိုလခထဲကပြန်ဖြတ်ဘို့တောင်းပန်နေပါတယ်။ ဒါပေမယ့် အဲဒီလူကိုပိုက်ဆံမချေးခဲ့ပါဘူး။ ဒါတစ်ခုတည်းတော့မဟုတ်ဘူး လာတောင်းရမ်းတဲ့လူတွေလဲ ငေါက်ငေါက်ထုတ်တာတွေ့ရတယ်ဗျာ။တကယ်ဆိုသူနှစ်စဉ်လှူတဲ့ငွေတွေနဲ့ နှိုင်းရင် ဒီငွေကမပြောပလောက်ပါဘူး။ တကယ့်ကိုနည်းနည်းလေးပါ။ သူဒီလောက်လေးတောင်မှ သူ့အလုပ်သမားလေးအပေါ် ၊ဆင်းရဲသားတွေအပေါ် သဒ္ဓါတရားလေးမရှိရင် သူလှူနေတဲ့သိန်းပေါင်းများစွာ၊ လူသိရှင်ကြား ခမ်းခမ်းနားနားဖိတ်ခေါ် ကြွေးမွေးနေတဲ့သူ့အလှူအပေါ် ကျွန်ုပ်သံသယရှိတယ်လို့ပြောရင် စာဖတ်သူက ကျွန်ုပ်ကိုလွန်တယ်လို့ပြောမယ်မထင်ပါဘူး။ ဘာအတွက်လှူတာလဲ?
     ကျွန်ုပ်ခံယုံကြည်ချက်က စွန့်ကြဲတာနှစ်မျိုးပဲရှိတယ် (အများခေါ်က လှူတယ်ပေါ့ဗျာ)။
၁။ သနားလို့ပေးတာ
၂။ ချစ်လို့ပေးတာ
     ဆင်းရဲတဲ့သူ၊ လိုအပ်တဲ့လူ၊ ချို့တဲ့သူ တွေကိုပေးတဲ့အခါ ဘာမှမမျှော်လင့်ပါဘူး သူတို့တွေအဆင်ပြေရင်ကျွန်ုပ်လဲ ကျေနပ်ပါတယ်။ ကျွန်ုပ်သူတို့ဆီကမျှော်လင့်တာ တစ်ခုပဲရှိပါတယ်၊ သူတို့အဆင်ပြေ စိတ်ကျေနပ်မှုပါပဲ။ ဒီထက်ပိုပြီးဘာမှမမျှော်လင့်ပါဘူး။ ကျွန်ုပ်လှူတာကိုသူများကိုပြောခဲပါတယ်။ဒါပေမယ့် သူများတွေသိပါစေ ကျွန်ုပ်လိုမျိုးပေးနိုင်ပါစေဆိုပြီး ခင်ခင်မင်မင်ရှိရင်တော့ပြောလေ့ရှိပါတယ်။ မရင်နှီးသူသွားပြောရင်ကိုယ်ရည်သွေးရာရောက်မှာစိုးလို့ပါ။ အများအတွက်လုပ်တာ မကောင်းတာတော့မရှိပါဘူး။ လောကအရကြည့်ရင်တော့ လိုအပ်သူတွေအတွက် ဖြည့်ဆည်းရာရောက်လို့ လောကကိုသာယာအောင်လုပ်တာပါပဲ။ ဒီလိုလုပ်တဲ့သူတွေကိုကျွန်ုပ်က အမြဲလေးစားပါတယ်။
     ချစ်လို့လှူတယ်ဆိုတာက ကျွန်ုပ်ဆို မိဘကိုချစ်ပါတယ်။ မိဘအတွက်တစ်ခုခုစားစရာဝယ်လာပြီး မိဘကိုကျွေးတာဟာလဲ တစ်နည်းပြောရရင် ပေးကမ်းတာပါပဲ။ သူတို့ဆီကဘာမှလိုလို့မဟုတ်ပါဘူး။ဒါတော့သားသမီးတိုင်းခံစားမိမှာပါ။ နောက်တစ်ခုက ဘုရား ရဟန်းသံဃာတွေကြောင့် ကျွန်ုပ်မှာအသိတွေတိုးလာရပါတယ်၊ တရားတွေနာရပါတယ်၊ ယဉ်ကျေးလာပါတယ်၊ စိတ်နေစိတ်ထားတွေ ပြောင်းလဲလာပါတယ်၊ သဘောထားတွေရင့်ကျက်လာပါတယ်။သူတို့ဟာကျွန်ုပ်အတွက်တော့ ကျေးဇူးရှင်တွေပါ။ သူတို့ကိုတကယ် ကျွန်ုပ်ချစ်ပါတယ်၊ မြတ်နိုးပါတယ်၊သူတို့ရဲ့အကျင့်တွေကြောင့်သူတို့ကိုကျွန်ုပ်တန်ဖိုးထားလေးစာရပါတယ်။ ဒါကြောင့်သူတို့ကို လှူပါတယ်။ သူတို့ကိုလှူတာ နိဗ္ဗာန်ရောက်ခြင်လို့ဘာလို့ ကျွန်ုပ်စိတ်ကူးဘို့လက်လှမ်းမမှီပါဘူး။    
     ဒါနဲ့တစ်ခုသွားသတိရတယ် စင်္ကာပူမှာစာပေဟောပြောပွဲ
လုပ်တုန်းက ဂျူးပြောတာလေး။ American က Essay တွေထဲကမေးခွန်းလေးပါတဲ့။ မှတ်မိသလောက်လေးပြောပြပါ့မယ်။
     တစ်နေ့အသက်ခပ်ကြီးကြီးလူတစ်ယောက် ကားမောင်းလာပါတယ်။သူဒီနေ့သူရဲ့ ပင်စင်ယူတဲ့နေ့ပါ။ သူစဉ်းစားရင်းကားမောင်းလာပါတယ်။ သူတစ်သက်လုံးစုဆောင်းခဲ့တာဆိုလို့သူပိုင်တဲ့ဒီကားလေးပဲ အဖတ်တင်တယ်တဲ့။ သူ့ကားလေးကို သူလမ်းလျှောက်နေကြ ရထားလမ်းဟောင်းလေးပေါ်မှာရပ်ရင်း သူရထားလမ်းတလျှောက် လမ်းလျှောက်လာပါတယ်။ ဒီကားလေးနဲ့သူဝင်ငွေရှာပြီးသူ့ဘ၀လေးကို သူသေတဲ့အထိ နေသွားမယ်ပေါ့။ သက်ပြင်းလေးချရင်းလမ်းလျှောက်နေလိုက်တာ အတော်ဝေးဝေးရောက်နေပါပြီ။ ဒီအချိန်မှာသူမြင်ကွင်းထဲ အထူးအဆန်း ရထားတစ်စီးလာနေပါတယ်။သူစဉ်းစားနေပါတယ် ဒီနေရာကရထားလာတာတစ်ခါမှမကြုံဖူးပါဘူး။ ဒီအချိန်မှာရထားကသူနဲ့ခပ်နီးနီးကိုရောက်နေပါပြီ။ ရထားသွားမဲ့လမ်းကြောင်းကိုကြည့်လိုက်တော့ သူမျက်လုံးပြူးသွားပါတယ်။ ရထားလမ်းပေါ်မှာလေးဘက်သွားတတ်စ ကလေးလေးတစ်ယောက်ထိုင်ရင်းဆော့နေတာသူတွေ့ရတယ်။ ဒါနဲ့သူဘာလုပ်ရမလဲစဉ်းစားတယ် ပြေးသွားပြီးကယ်ရအောင်ကလည်း ရထားနဲ့ယှဉ်ပြီးသူပြေးဘို့မမှီ ပါဘူး။ သူဘာလုပ်ရမလဲ ရှာကြည့်ရင်း သူနဲ့မလှမ်းမကမ်းမှာ ရထားလမ်းလွှဲတံတစ်ခုတွေ့ပါတယ် အဲဒါကိုသူပြေးသွားဆွဲရင်တော့မှီပါတယ်။ဒါနဲ့ သူပြေးသွားပြီးမောင်းတံကိုကိုင်လိုက်ပြီး ဆွဲဘို့ပြင်လိုက်ပါတယ်။ ဒီအချိန်သူတစ်ချက်စဉ်းစာလိုက်တယ်။ ဒီရထားကိုလမ်းလွှဲလိုက်ရင် ရထားဘယ်ကိုသွားမှာလဲ။ သူမျက်လုံးပြူးရပါပြီ ဒီရထားသွားမှာက သူ့ကားလေးရှိရာကိုပါ။ ဒီကားကသူ့ရဲ့ဘ၀ပါ။ သူ့မှာပိုင်ဆိုင်တာဆိုလို့ ဒီကားလေးပဲရှိပါတယ်။ အာမခံကြေးလဲသူ့မှာ အပြည့်အ၀မရှိပါဘူးတဲ့။
     ဒီဇာတ်လမ်းလေးကဖန်တီးထားတာပါ။ တကယ်မဟုတ်ပါဘူးတဲ့။ သင်စာဖတ်သူလဲဒီနေရာမှာဆိုရင်ဘာလုပ်မလဲ ? ကလေးကိုကယ်လိုက်မှာပေါ့လို့ စကားကိုလွယ်လွယ်မပြောပါနဲ့။ သေချာစဉ်းစားပြီးမှပြောပါ။ ဒီကလေးရဲ့အသက်ကို စည်းစိမ်အဆုံးရှုံးခံပြီးကယ်မည့်သူဆိုရင် သင့်ကိုယ်သင်စဉ်းစာပါ။ သင်ကလေးဘယ်နှယောက်ကို ယခင်က ကယ်ခဲ့ဘူးသလဲ? ကလေးတွေအတွက် သင်လှူခဲ့ဘူးပါသလား?။ သင့်စည်းစိမ်ကိုထားပါအုံး သင့်ဝင်ငွေထဲက ၁၀% လောက်ကိုပဲ ကလေးတွေအတွက်လှူဘူးပါသလား?။
   သင်ဖြေရခက်နေပြီလား? တစ်ချို့ကိစ္စတွေကလွယ်လွယ်ပြောလို့မရပါဘူး။ သင့်ပိုင်ဆိုင်မှုကို အဆုံးရှုံးခံပြီး၊ စွန့်လွှတ်ပြီး ကလေးတစ်ယောက်ကို သင်ကယ်မည့်သူဆိုရင်တော့ ကျွန်ုပ်ပြောလိုက်ပါရစေ သင့်ကိုကျွန်ုပ်လောကအစား ရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်၊ လေးလဲလေးစားပါတယ်။
     အားလုံးပဲ မြင့်မြတ်တဲ့စွန့်လွှတ်ခြင်းတွေ တတ်နိုင်သမျှထားနိုင်ကြပါစေလို့ဆုတောင်းလျှက်။
(မင်္ဂလာညနေခင်း)

No comments:

Post a Comment